ရွှေပြည်သာမြို့နယ်မှာ တရက်တည်း ပစ်ခတ်မှု(၂)ကြိမ်ဖြစ်ပြီး တဦးသေ နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ဇွန် ၃၊၂၀၂၂
KK(VOM)

ရွှေပြည်သာမြို့နယ်မှာ ဒီကနေ့တရက်တည်း သေနတ်ပစ်ခတ်မှု(၂)ကြိမ်ဖြစ်ခဲ့ရာ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ်၊ ၆ ရပ်ကွက်၊ ရွှေညာမောင်ပျံကျဈေးထိပ်မှာ ပလာတာရောင်းချဖို့ပြင်ဆင်နေတဲ့ လင်မယားဖြစ်သူနှစ်ဦး ပစ်ခတ်ခံရတာဖြစ်ပြီး ခင်ပွန်းဖြစ်သူသေဆုံးကာ ဇနီးဖြစ်သူမှာဘပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ အဲ့ဒီရပ်ကွက်မှာနေသူတဦးက ပြောပါတယ်။

“မနက်အစောကြီးလာပစ်သွားတာ ပစ်ခံရတာ ရာအိမ်မှူးလို့ ပြောတယ်၊ သူကတော့ပွဲချင်းပြီးပဲ သူမိန်းမက ဒဏ်ရာရတယ်”လို့ သူကပြောပါတယ်။

ပစ်ခတ်မှုဖြစ်လို့ သေဆုံးသူဟာ ရွှေပြည်သာမြို့နယ်၊ ၁ဝရပ်ကွက်က ရာအိမ်မှူး ဦးဟန်ညွန့်ဖြစ်ပြီး ဒဏ်ရာရ
ရှိသူမှာ ဇနီးဖြစ်သူ ဒေါ်အေးအေးသွယ်ဖြစ်တယ်လို့
အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရာအိမ်မှူးလင်မယားဟာ သတင်းပေးဒလန်ဖြစ်လို့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ Ygn Urban Guerilla Army ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာပဲ့ ရွှေပြည်သာတံတားအဆင်း၊ ၁၄လမ်းဆုံမှာ အမျိုးသားတဦးကို ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။

“သူက ယာဥ်ထိန်းရဲတွေကိုယ်စား ပိုက်ဆံကောက်ပေးနေတော့ သူကိုယာဥ်ထိန်းရဲဆိုပြီး သေနတ်နဲ့ပစ်သွားတာ ဖြစ်မယ်”လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။

ပစ်ခတ်ခံရသူ အမျိုးသားဟာ သက်ဆွေဦး (ခ) ကိုသက်ဖြစ်ပြီး လက်တလောမှာ အင်းစိန်ဆေးရုံကိုပို့ဆောင်ကာ ဆေးကုသမှုခံယူပေးနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်ကလည်း ရွှေပြည်သာမြို့နယ်၊ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရလို့ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

လက်တလောအခြေအနေထိ ရွှေပြည်သာမြို့နယ်က လမ်းဆုံလမ်းခွတွေမှာ စစ်တပ်နဲ့ရဲတွေက သေနတ်ပစ်ခတ်ခဲ့သူကို ရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွှေပြည်သာ #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW