ကော့ကရိတ်မှာ ဒူးရင်းသီး စားပွဲတော် ကျင်းပ၊ လုံခြုံရေးကြောင့် ရပ်ဝေးခရီးသည်လာရောက်မှုနည်းပါး

ဇွန် ၆-၂၀၂၂
VOM (GG)

ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့နယ်၊ လောင်းကိုင်ရွာမှာ နှစ်ပေါင်း ၅၀ ပြည့် ဒူးရင်းသီး စားပွဲတော် ဒီကနေ့ဇွန်လ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ် ။

ဒူးရင်းသီးစားပွဲ(ခေါ်)သစ်သီးဆွမ်းအလှူတော်ကို လောင်းကိုင် ၅ ရွာပေါင်းပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ လမ်းပန်းဆက်သွယ်ရေး ၊ နယ်မြေလုံခြုံရေး အခြေအနေတွေကြောင့် ရပ်ဝေးဧည့်သည်လာရောက်မှု နည်းပါးခဲ့တယ်လို့သိရပါတယ်။

” အရင်နှစ်တွေတုန်းကတော့ နိုင်ငံရေးကလည်း တည်ငြိမ်တယ်ဆိုတော့ လူစည်ကားတယ်၊ခရီးသွားတွေလည်းအများကြီးလာတယ်။လာသမျှဧည့်သည်တိုင်းကို အလကားစားသုံးခွင့်ပြုတာပေါ့။ဒူးရင်းသီးရော တခြားအသီးအနှံတွေရောအစုံပဲ တနေရာထဲမှာ အဝစားနိုင်တယ်။ အခုနှစ်က ဒီလိုကျင်းပလာတာ နှစ် ၅၀ ပြည့်တဲ့နှစ်ပေါ့ “လို့ ဒေသခံတဦးက ပြောပြပါတယ်။

လောင်းကိုင်(ကြာအင်း)ဒေသဟာ ကရင်ပြည်နယ်မှာ အရသာအကောင်းဆုံး ဒူးရင်းသီးတွေထွက်တဲ့ ဒေသတခုဖြစ်ကာ ဒေသခံတွေက ရဟန်းသံဃာတော်တွေကို ဆွမ်းနဲ့ ဒေသထွက်သစ်သီးတွေကို နှစ်စဉ် ကပ်လှူပြီးနောက်ပိုင်း ပွဲတော်လာရောက်သူတွေ ဧည့်ခံစားသုံးခွင့်ပြုရာကနေ ဒူးရင်းသီးစားပွဲတော်ဆိုတာ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

ဒူးရင်းသီးသာမက နာနတ်သီး၊ မင်းကွတ်သီး၊ကြက်မောက်သီးအပြင် ထမင်းနဲ့ ဟင်းလည်း ကျွေးမွေးဧည့်ခံတာဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ် ဒူးရင်းသီးစားပွဲတော်ကိုတော့ လောင်းကိုင်အနီးပတ်ဝန်းကျင်က ဒေသခံတွေအများစုသာ လာရောက်ဆင်နွှဲမှုရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကော့ကရိတ် #ဒူးရင်းသီးစားပွဲတော်

Related posts

Leave a Comment

VOM News

FREE
VIEW