စစ်ကိုင်းမြို့နယ်မှာ မိသားစုလိုက် အသတ်ခံရလို့ ၄ ဦးသေဆုံးပြီး ၊ ၂ ဦး ပြင်းထန်ဒဏ်ရာရ

ဇွန် ၊ ၆-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ပန်းချီကျေးရွာမှာ မနေ့ ဇွန် ၅ ရက် မနက်ပိုင်းမှာ မိသားစုလိုက် အသတ်ခံရတဲ့အတွက် ကလေးငယ် ၂ ဦးအပါအဝင် လူ ၄ ဦး သေဆုံးကာ ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ မိသားစုလိုက် အသတ်ခံရတယ် ၊ သေဆုံးသူတွေကတော့ ဦးဝင်းရှိန်၊ ဇနီးဖြစ်သူ ဒေါ်မြဦး ၊ သား/သမီးများဖြစ်ကြတဲ့ မောင်ကောင်းထက်ရှိန် ၊ မောင်ပိုင်ထက်ရှိန် တို့ ၄ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ် ။

ဒါ့အပြင် အသတ်ခံရတဲ့ မိသားစုထဲက မောင်စိုင်းထက်ရှိန် ၁၂ နှစ်၊ ၊ မနှင်းရတီရှိန် ၈ နှစ်တို့ ၂ ယောက်ဟာ ပြင်းထန်ဒဏ်ရာတွေရခဲ့ပြီး မောင်ဇံထက်ရှိန် ဆိုသူကတော့ အိမ်ထဲမှာ ပုန်းနေတဲ့အတွက် လွတ်မြောက်သွားတာဖြစ်တယ်လို့ အဲ့ဒီ ပရဟိတသမားက ဆက်ပြောပါတယ်။

အဲ့ဒီနောက် ဒဏ်ရာရတဲ့ ကလေး ၂ ယောက်နဲ့ သေဆုံးသူ ရုပ်အလောင်း ၄ လောင်းကို နယ်ခံပရဟိတအသင်းတွေက စစ်ကိုင်းဆေးရုံကြီးဆီ ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။

စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တဦးက” မိသားစုလိုက် အသတ်ခံရတာဖြစ်တယ် ၊ သေဆုံးသူ မိဘ ၂ ပါး အပါအဝင် မိသားစု ၄ ယောက်ဖြစ်တယ် ၊ ပြင်းထန်ဒဏ်ရာရတဲ့ ကလေး ၂ ယောက်လည်း ဆေးကုသခံနေတယ် ၊ ဘာကြောင့် သတ်တယ်ဆိုတာ စစ်ဆေးနေဆဲဖြစ်ပေမယ့် ကနဦး သိရတာက ဒလန်လို့ စွပ်စွဲတာမျိုးရှိတယ် “လို့ ပြောပါတယ်။

အဲ့ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက် ၊ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့နယ် ၊ သာဇင်ကျေးရွာက ဦးကျော်ဆွေနဲ့ သူ့ သမီး မခိုင်ဇာလင်း အသက် ၁၂ နှစ်ဟာ အိမ်မှာ အိပ်ပျော်နေတဲ့အချိန် သေနတ်နဲ့ ပစ်သတ်ခံရတဲ့အတွက် သားအဖ ၂ ယောက်စလုံးသေဆုံးသွားရတဲ့ ၂ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

စစ်ကိုင်းခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်ကနေ ဒီလ ၅ ရက်နေ့အထိ ဆားတောင်မြို့နယ်ခွဲက ဆွမ်းခံကြွရင်း မိုင်းထိမှန်တဲ့ ကိုရင်လေး ၂ ပါး အပါအဝင် အသတ်ခံရလို့ သေဆုံးရသူပေါင်း ၆ ယောက်ထက် မနည်းရှိခဲ့ပြီး ဒဏ်ရာရ ကလေးသူငယ် အရေအတွက်ဟာလည်း အလားတူ ၆ ယောက်ထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #လူသတ်မှု #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW