ပညာသင်ယူခွင့်ဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးပါ

Ivy

ကိုဗစ်နဲ့ နိုင်ငံရေး အခြေအနေတွေကြားမှာ ကျောင်းတက်ဖို့ နှောင့်နှေးခဲ့ရတဲ့ ကျောင်းနေအရွယ် ကလေးသူငယ်တွေ မြန်မာနိုင်ငံတဝှမ်းမှာ အများကြီးရှိခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်လမှာ ကိုဗစ် 19 ရောဂါ ဖြစ်ပွားခဲ့ပြီး ကျောင်းတွေပြန်ဖွင့်ခဲ့ပေမယ့် ရောဂါကူးစက်မှု များပြားလာတဲ့အခါ ပြန်ပိတ်ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် ပညာသင်နှစ်မှာတော့ နိုင်ငံရေး အခြေအနေတွေကြောင့် ကျောင်းတွေ ဖွင့်လှစ်ခဲ့ပေမယ့် တက်ရောက်သူ နည်းပါးခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ပညာသင်နှစ်မှာတော့ နိုင်ငံတဝှမ်း အခြေခံပညာကျောင်းအပ်နှံသူ ၅၂ သိန်းကျော် အထိ ရှိခဲ့တယ် လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပြီ ဖြစ်သလို ကျောင်းတက်သူတွေလည်း အရင်နှစ်တွေထက် ပိုမိုများပြားလာပါတယ်။

တကယ်တော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကလေးသူငယ်တွေရဲ့ ပညာသင်ယူခွင့်ဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးတရပ်ပဲ ဖြစ်ပါတယ်။ တစ်ဖက်က လည်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေက ကလေးသူငယ်တွေမှာတော့ သူတို့ရဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေး ဆုံးရှုံးနေဆဲပါ။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF -ယူနီဆက်)မြန်မာက မေ ၂၇ ရက်နေ့မှာ “မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ကလေးသူငယ်များ၏ သင်ယူလေ့နိုင်ခြင်း လက်လှမ်းမီမှု အခွင့်အလမ်းနှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားပါတယ် –

“မြန်မာနိုင်ငံရှိ ကလေးငယ်နှင့် လူငယ်ဦးရေ ၁၂ သန်းနီးပါးခန့်၏ လေ့လာသင်ယူမှုမှာ ကိုဗစ် 19 နှင့် လက်ရှိ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများကြောင့် နှောင့်နှေး ပြတ်တောက်နေရပါသည်။ မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အားလုံးသည် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်၊ မြန်မာ့ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေနှင့် အမျိုးသားပညာရေး ဥပဒေများတွင် ပြဋ္ဌာန်းသည့်အတိုင်း ပညာသင်ယူခွင့် ရှိပါသည်”

ဒီနေရာမှာ ရှင်းရှင်းလင်းလင်း နားလည်ထားရမယ့် အချက်တချက်ကတော့… ကလေးသူငယ်တွေဟာ ဘယ်လိုကျောင်းကိုပဲ တက်ရောက်, တက်ရောက် ပညာသင်ယူခွင့်ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ လက်ရှိ အခြေအနေတွေကြောင့် တချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျောင်းတွေ မဖွင့်လှစ်နိုင်သေးတာလည်း ရှိနေပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ များပြားလာချိန်မှာ ကလေးသူငယ်တွေရဲ့ ပညာသင်ယူခွင့်ပါ နှောင့်နှေးနေရ၊ ဆုံးရှုံးနေရတာ စိတ်မကောင်းစရာပါ။ တချို့ဒေသတွေမှာတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကလေးတွေကို ကြိုးစားပြီး ပညာသင်ကြားပေးနေတာလည်း ရှိပါတယ်။

ကျောင်းပြန်တက်ရေး ကိစ္စမှာလည်း ကျောင်းသားမိဘတွေကြား မတူညီတဲ့ သဘောထားတွေ၊ စိုးရိမ်ပူပန်မှုတွေ ရှိနေတာ အမှန်ပါ။ တချို့သော မိဘတွေက အစိုးရကျောင်းတွေကို မပို့ဘဲ ကိုယ်ပိုင်ကျောင်းတွေကိုပို့ပြီး ပညာသင်ယူစေပါတယ်။ တချို့မိဘတွေကတော့ သားသမီးတွေရဲ့ ပညာရေးနှောင့်နှေးမှာ စိတ်ပူတဲ့အတွက် အစိုးရကျောင်းကို အပ်နှံကြပါတယ်။ တစ်ဖက်ကလည်း အခုလို နိုင်ငံရေးအခြေအနေတွေကြားမှာ အစိုးရကျောင်းတွေဆီ ကျောင်းအပ်ဖို့ မလိုဘူးဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် နစက, က ဖွင့်လှစ်တဲ့ အခြေခံပညာကျောင်းတွေ တက်ရောက်တဲ့ ကျောင်းသား/ကျောင်းသူတွေကို နာမည်ပျက်စာရင်း ကြေညာမယ်လို့ ပြောလာတာလည်း ရှိနေပါတယ်။ အွန်လိုင်းကနေ ပညာသင်ယူနိုင်တဲ့ နည်းလမ်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေမှာ ပညာသင်ယူနိုင်တဲ့ နည်းလမ်းတွေရှိတယ်လို့ ထောက်ပြကြတာတွေလည်း ရှိပါတယ်။

ဒါပေမဲ့… ကလေးသူငယ် ပညာသင်ယူခွင့်အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့… ဘယ်လိုနည်းနဲ့ပဲ ပညာသင်ယူ, သင်ယူ… သူတို့အတွက် ပညာသင်ယူခွင့် ရှိရမှာဖြစ်တဲ့ အတွက် နာမည်ပျက်စာရင်း ကြေညာမယ်ဆိုတာက
မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ နိုင်ငံရေးအတွက် ပညာရေးနဲ့ ပညာသင်ယူခွင့်ကို ဘယ်အဖွဲ့အစည်း၊ ဘယ်သူကမှ အသုံးမချသင့်လို့ ပါပဲ။

အခြေခံလူတန်းစားက မွေးဖွားလာတဲ့ ကလေးတွေရဲ့ ပညာသင်ယူခွင့်ဟာ ရွေးချယ်စရာ များများစားစား မရှိသလို ဖြစ်နေတယ်လို့ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ဟင်းသီးဟင်းရွက် ရောင်းချလုပ်ကိုင်
စားသောက်နေရတဲ့ မိခင်တစ်ယောက်က ရင်ဖွင့်ပြောပြလာပါတယ်-
“ကျွန်မတို့ သားလေး ၃ တန်း တက်ရမှာလေ…၊ အစိုးရကျောင်းကို မပို့ဖို့ ပြောနေကြတာတွေလည်း ကျွန်မ ကြားပါတယ်။ ဒါပေမယ့် အွန်လိုင်းကနေ သင်ဖို့ဆိုတာက အင်တာနက်ဖို့ မတတ်နိုင်ဘူး၊ မီးကလည်း မမှန်ဘူးလေ။ ကလေးက အသက်ကြီးသွားပြီး အတန်းနောက်ကျမှာ စိုးတယ်။ ကိုယ်ပိုင်ကျောင်းဆိုတာတော့ ဝေလာဝေးပါပဲ…၊ ဒါကြောင့် သားကို အစိုးရကျောင်းပဲ ပို့ဖို့ ဆုံးဖြတ်ခဲ့ရတာပါ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရင်ကတည်းက ကလေးအလုပ်သမား သန်းချီ ရှိနေတာလည်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ ကိုဗစ် 19 နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပညာသင်ယူခွင့် ထပ်မံဆုံးရှုံးရမယ်ဆိုရင် ကလေးအလုပ်သမားတွေ ပိုများလာဖို့ပဲ ရှိပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့က ကလေးငယ်တွေရဲ့ ပညာသင်ယူခွင့်ကိုပါ တာဝန်ရှိသူတွေဘက်က ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်နေပါတယ်။အဲဒီဒေသတွေမှာ ရတဲ့နည်းလမ်းနဲ့ ပညာသင်ကြား ပေးနေသူတွေ ရှိလာနေတာကတော့ ဝမ်းသာစရာ သတင်းပါပဲ။

ကျေးလက်နဲ့ မြို့ပြ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ကျောင်းထွက်တဲ့ ရာခိုင်နှုန်းက ကျေးလက်ဒေသတွေမှာ ပိုများပါတယ်။ ကျေးလက်ဒေသတွေမှာ နေရပ်စွန့်ခွာထွက်ပြေးရသူတွေ ရှိလာနေတဲ့အတွက် သူတို့ကလေးတွေရဲ့ပညာရေးနှောင့်နှေးနေဦးမယ့် အရေးဟာ စိတ်ပူစရာပါ။ ဒါကြောင့် ဘယ်လိုနည်းလမ်းနဲ့ပဲ သင်ကြားနေပါစေ သင်ယူနိုင်တဲ့ အခွင့်အလမ်းရှိအောင် ဖန်တီးပေးရမှာက ကလေးတွေအတွက်ရော တိုင်းပြည်အနာဂတ် အတွက်ပါ အကောင်းဆုံးပါပဲ။

တစ်ဖက်ကလည်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် စာသင်ကျောင်းတွေ၊ သင်ကြားပေးတဲ့ ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေရဲ့ လုံခြုံရေးက စိတ်ချရပါ့မလား လို့ စိုးရိမ်နေကြတာကလည်း သဘာဝကျတယ်လို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ပညာရေးမှူးရုံးတွေ မီးရှို့ခံရတာ၊ ဗုံးခွဲခံရတာတွေ ရှိလာနေလို့ ဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အနေအထား ဖြစ်နေလို့ပါပဲ။ ပညာရေးနဲ့ဆိုင်တဲ့ အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဆရာ/ဆရာမတွေကို တိုက်ခိုက်တာဟာ ဘယ်သူကပဲ လုပ်လုပ်… ဒါဟာ လက်သင့်ခံနိုင်စရာ မရှိတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

GCPEA လို့ ခေါ်တဲ့ “ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ကြီး” ကလည်း ကမ္ဘာတလွှား စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတဲ့အထဲ မြန်မာနိုင်ငံပါဝင်လာလာတယ် လို့ ထုတ်ပြန်ထားပါတယ်။

သိပ်မကြာသေးမီကပဲ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီဗုံးပေါက်ကွဲမှုကြောင့် ဆရာ/ဆရာမ ၈ ယောက်အထိ ဒဏ်ရာ ရရှိခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး တယောက် သေဆုံးခဲ့ရတာ ဝမ်းနည်းစရာပါ။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်ထဲမှာလည်း အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှု၊ ဆရာ/ဆရာမတွေနေတဲ့ အိမ်ရာလိုင်းခန်း မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ တစ်ဆက်တည်း ဝက်လက်၊ ထီးချိုင့်၊ ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူ စတဲ့မြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စာသင်ကျောင်းအများစု မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံက မြို့ကြီးတချို့မှာ ကိုယ်ပိုင်ကျောင်းတွေ ဖွင့်လှစ်နေပေမယ့် လူနည်းစုလေးသာ ကိုယ်ပိုင်ကျောင်းတက်ရောက်ဖို့ လက်လှမ်းမီနိုင်တဲ့ အနေအထားပါ။ ရန်ကုန်မှာ ကိုယ်ပိုင်ကျောင်းထားရင် ကလေးတစ်ယောက်ရဲ့ ၁ နှစ်တာ ပညာသင်စရိတ်ဟာ သိန်း ဆယ်ချီ ကနေ ရာနဲ့ချီအထိ ရှိနေပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က ကိုယ်ပိုင်ကျောင်း တကျောင်းမှာ တက်ရောက်မယ်ဆိုရင် အထက်တန်းကျောင်းသား တစ်ယောက်အတွက် ၁ နှစ်စာ အတွက် ၅ သိန်းခွဲ ကုန်ကျပြီး၊ ကျောင်းအိပ်ကျောင်းစား ဆိုရင် ၂၅ သိန်း အထိ ကုန်ကျတယ် လို့ သိရပါတယ်။ ဒါကြောင့် ဝင်ငွေကောင်းတဲ့ မိဘတွေကသာ သူတို့ သား/သမီးကို ကိုယ်ပိုင်ကျောင်းမှာ ထားပေးနိုင်မှာပါ။

ကလေးသူငယ်တွေအတွက် ပညာသင်ယူနိုင်မယ့် အခွင့်အရေးတွေ ပိုမိုဖန်တီးပေးတာဟာ သူတို့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ကာကွယ်ပေးတာပဲ ဖြစ်ပါတယ်။ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေက ကလေးသူငယ်တွေ၊ ကျေးလက်ဒေသတွေက ကလေးသူငယ်တွေ သူတို့အသက်အရွယ်အလိုက် ပညာသင်ယူခွင့် ရဖို့အတွက် အားလုံး ဝိုင်းဝန်းစဉ်းစား လုပ်ဆောင်ပေးရမှာပါ။

အရေးအကြီးဆုံးကတော့ ကလေးသူငယ်တွေရဲ့ ပညာသင်ယူပိုင်ခွင့်ကို တားဆီးပိတ်ပင်တာမျိုး မရှိစေဘဲ သူတို့ရဲ့အနာဂတ်အတွက် အလေးအနက်ထား အားပေးမြှင့်တင်ပေးဖို့ပါ။ The Child is the father of The Man ဆိုသလို ယနေ့သူငယ်… နောင်ဝယ် လူကြီး ဖြစ်လာမယ့် ကလေးသူငယ်တို့ကို ပညာသင်ယူခွင့် အခွင့်အလမ်း ကျယ်ပြန့်စွာ ဖန်တီးပေးဖို့ စဉ်းစားသင့်ပြီ ဖြစ်ပါကြောင်း… …။ ။

အထက်ပါအေကြာင်းအရာတွေနဲ့ အရေးအသားများဟာ စာရေးသားသူ​ရဲ့ အာဘော်သာဖြစ်ပြီး VOMရဲ့ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။

#voiceofmyanmar #VOM #Ivy #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW