အာဠဝီ စီလမ်းပေါ်က မို(လ)တရီစန္ဒယားသံ

ဆူးငှက်

မန္တလေးက ၂၂စီလမ်းသည် ပဒေသရာဇ်ရှင်ဘုရင် လက်ထက်ကလည်း ခေါ်ကြ၏။ အာဠဝီတံခါးခေါ် ကြေးမုံတံခါးသည်ပင် ‘ဂဗ္ဗေ’ဟူသည့် ဓာတ်ဘက်နံသင့် အက္ခရာယူသော်လည်း တစ်နည်းအားဖြင့် နန်းမြို့တွင်းမှ သေသောသူတို့ကို ထုတ်ဆောင်ရာ အမင်္ဂလာတံခါးဖြစ်သောကြောင့် အဆိုပါ တံခါးမှ ဝင်ထွက်သွားလာ မကြာမကြာ ကြုံတွေ့ရသောသူများသည် မရဏဿတိ ကမ္မဋ္ဌာန်းကို ကြေးမုံပြင်ကဲ့သို့ အာရုံပြ ကြည့်ရှုကြကုန်လောဟု သတိပေးသော အထိမ်းအမှတ်ဖြင့် ‘ကြေးမုံ’တံခါးဟု သမုတ်ခဲ့ခြင်းလည်းဖြစ်သည်။

နန်းမြို့တွင်းတွင် ဒင်္ဂါးစက်ရုံတော် တောင်ဘက် ကပ်လျက်တွင်မူ သင်္ချိုင်းတော်များ ရှိပါ၏။ ထိုသင်္ချိုင်းတော်များတွင် ပဉ္စမသင်္ဂါယနာတော်တင် မင်းတုန်းမင်းတရားကြီး၊ ရွှေဘိုမင်းတရား၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး၊ သီပေါမင်း၏ မယ်တော်လောင်းရှည်မိဖုရားကြီးနှင့် ဆင်ဖြူမရှင်မိဖုရားကြီးတို့၏ ဂူဗိမာန်ကြီးမျာရှိသည်။ ထို့ပြင် မြောက်ဥယျာဉ်တော် ရွှေပြည် ဥယျာဉ်ကွက်အတွင်းတွင် တောင်နန်းမတော် မိဖုရားခေါင်ကြီး သင်္ချိုင်းတော် ရှိသလို၊ သစ်တပ် အနောက်မြောက်ထောင့်တွင်လည်းမြောက်နန်းမတော် မိဖုရားသင်္ချိုင်းတော် တစ်ခုရှိသည်။ ကျန်ရှိသည့် မင်းညီမင်းသား၊ မှူးကြီးမတ်ရာသနာပတိများ၏ သင်္ချိုင်းတော်သည် အာဠဝီစီလမ်းအတိုင်း အနောက်ဆင်းသောအခါရွှတချောင်းမြောင်းအလွန်၊ မြစ်ဆိပ်အကြားတွင် အသီးသီးရှိခဲ့ကြ၏။

အာဠဝီစီလမ်း၏ ရွှေတချောင်းမြောင်းကူး သစ်သားတံတားကြီးမှာ ဇရပ်ကြီးနှစ်ဆောင် ပါရှိ၏။ ကျွန်း၊ပွတ်လုံး၊ လက်ရန်းတိုင်ကြီးများပင် ပါရှိသည်။ လွန်ခဲ့သော နှစ်၃၀ ဝန်းကျင်ကာလ၊ လမ်းတိုးချဲ့သောအခါ ရှေးဟောင်းဇရပ်ကြီးများ ဖျက်သိမ်းလိုက်ကြသည်။
တောင်ပြုန်းပွဲတော်အခါများဆိုလျှင် ရွှေတချောင်းတွင် လှေလောင်းနှစ်စင်းတွဲ၍ ရေခင်းသံမြိုင်မြိုင်ဖြင့် နတ်ပွဲသွားကြသူများကို အာဋ္ဌဝီစီလမ်း သင်္ချိုင်းတော်တံတားပေါ်မှ ကြည့်ရှုကြရသေး၏။ ရွှေတချောင်း အနောက်ဘက်ကမ်း၊ စီလမ်းဘေးတွင် သီပေါမင်းသား အပါအဝင် မင်းညီမင်းသားများ ပညာသင်ခဲ့ကြသည့် ဒိုင်အိုသံတဲကျောင်းတော်ကြီး ရှိသည်။
၎င်းကျောင်းတော်ကြီးကို ၁၂၃၁-ခု၊ နတ်တော်လပြည့်ကျော်၁၁ရက်၊ (၄-၆-၁၈၆၉)နေ့တွင် ဆောက်လုပ်ပြီးစီးသည်။

သင်္ချိုင်းတော်တံတားသည် ရွှေတချောင်းကိုဖြတ်ပြီးနောက် သံတဲကျောင်းကြီးမြောက်ဘက်တွင် အုတ်တံတားမြင့်ကြီးဖြစ်၏။ အုတ်တံတားကြီးမြောက်ဘက်တွင် အသားဇရပ်ကြီးများလည်း ရှိသည်။
၎င်းတံတားများနှင့်အတူ ဇရပ်ကြီးများကို လှေသင်းအတွင်းဝန်မင်းက ဆောက်လုပ်ခဲ့၏။ မှတ်တမ်းအဖြစ်
အာဠဝီစီလမ်းပေါ်တွင် ကျောက်စာတစ်မျက်နှာ တစ်တိုင် စိုက်ထူထားခဲ့လေသည်။ ကျောက်စာတွင် ရွှေတချောင်းကူး တံတားဦးဇရပ်နှင့်တကွ အနောက်ကို သွပ်မိုးပျဉ်ခင်း၊ ဝဲယာတံတား ခန်းရေ၁၆၄။ မြောင်းအကူးမှ အနောက်မြေမြို့ရိုး အရောက်၊ ထိုမှတစ်ဖန် တောင်ချိုးကာ ပိုက်ကျုံးအရောက် ၆၇၇တာ။ ကျောက်လမ်းတံတားကြီးမှ စ၍ ပုဏ္ဏားကုန်းသုသာန်တွင် အတွင်းဝန်မင်းအဘ အလောင်းသင်္ဂြိုဟ်ရာ ပျဉ်ဇရပ်၁ဆောင်၊ အတွင်းဝန်ကတော် အမိရှေ့ဝန်မှူးကတော် သင်္ဂြိုဟ်ရာ အုတ်ဇရပ်၁ဆောင်နှင့် သုဿာန်မြေ အကာအရံ တံတိုင်းမီးတားများကို ၁၂၄၄-ခုမှ၁၂၄၇-ခုအထိ ဆောက်လုပ်တဲ့ ကုန်ကျစရိတ်ငွေ (၃၄၈၄၄၅)လုပ်ဆောင် ကုန်ဝင်ကြောင်း ကမ္ပည်းထိုးမှတ် ရေးသားခဲ့လေသည်။

ယခုအခါ ထိုဇရပ်ကြီးများလည်း မရှိတော့ပြီ။ သင်္ချိုင်းတော်လည်း မရှိတော့ပြီ။ အတွင်းဝန်မင်း အမိ၊အဘ ဟူသည် မင်းကြီးမင်းလှ မဟာဇေယျသကြံမြို့သစ်အတွင်းဝန်မင်းဦးဘီ၏ အမိအဘဖြစ်၏။ လွန်ခဲ့သောနှစ်၃၀ကျော်ကအထိ ၎င်းဇရပ်ကြီးများ၊ ဂူမိမာန်ကြီးများ ရှိသေးသည်။ ဇရပ် မျက်နှာကြက်များတွင် ပန်းပု၊ ပန်းခက်များကို ရွှေရောင်တစ်စွန်းတစ်စနှင့် တွေ့ရသေး၏။ ဇရပ်၏တိုင်လုံးများက တုတ်ခိုင်ခံ့ညားသည့် ကျွန်းတိုင်လုံးကြီးများဖြစ်သည်။ ဟင်္သာပြဒါးရောင်က အိုစာနေ၏။

မြို့သစ်အတွင်းဝန်မင်း ဂူမိမာန်၏ အနောက်ဘက် ကပ်လျက်တွင်မူ ရွှေပြည်ဝန်ကြီး ယာမင်းကြီးဦးဖိုးလှိုင်၏ ဂူမိမာန်ရှိသည်။ယာမင်းကြီးဂူက ချုံနွယ်ပိတ်ပေါင်းနှင့် အုတ်ဇရပ်အပြိုအပျက်ကြားတွင် ကွယ်ပျောက်နေ၏။ခြေရင်းတွင် ဝန်ကတော် ခင်ဖြူ၊ ထို့နောက် သားသမီးအုတ်ဂူများ။ ယောမင်းကြီး ဂူဗိမာန်ကိုတော့ အသစ်ပြုပြင် တည်ဆောက်ထားပြီး ပုံတူရုပ်တု စိုက်ထူထားသည်။ အရှေ့ဘက်က မြို့သစ်အတွင်းဝန်မင်း၏ လက်ရာမြောက် ကျွန်းဇရပ်ကြီးများကတော့ မရှိတော့။ ယောမင်းကြီး ဂူဗိမာန်၏ အရှေ့ဆီ မလှမ်းမကမ်းတွင် အုတ်ခြင်္သေ့နှစ်စီး ရှိသည်။ ယင်းခြင်္သေ့နှစ်စီးက သင်္ချိုင်းတော် အုတ်တံတားကြီး အနောက်ထိပ်ဖြစ်သည်။ အုတ်ခြင်္သေ့နှစ်စီးနားက ဓမ္မာရုံထဲတွင် ဗုဒ္ဓခြေတော်ရာ တစ်ဆူရှိသည်။ စကျင်ကျောက်တွင် ခြေတော်ရာကို လက်ရာမြောက်စွာ ထုလုပ်ထား၏။

အာဠဝီတံခါးခေါ် ကြေးမုံတံခါးနှင့် တည့်တည့် အနောက်ဘက် ဧရာဝတီမြစ်ဆိပ်အထိပေါက်သော လမ်းဖြောင့်ကြီးသည် ‘စီ’လမ်းဖြစ်၏။ ၂၂-စီ လမ်းဟု မန္တလေးသားတို့ သိသည်။ ရတနာပုံခေတ်က အမင်္ဂလာလမ်းဖြစ်ခဲ့သော်လည်း ပါတော်မူပြီးနောက် အင်္ဂလိပ်အစိုးရလက်ထက်တွင် ဘုရင့်လက်ထက်ကတည်းက အင်္ဂလိပ်ပြင်သစ် စသည့် အနောက်နိုင်ငံသားများ နေထိုင်ခဲ့ကြသည့် နေရာများနှင့် ဆက်စပ်သောကြောင့် အာဠဝီ စီလမ်းသည် ယနေ့၂၆-ဘီလမ်းကဲ့သို့ပင် စည်ကားခဲ့၏။
ဈေးဆိုင်များ၊ ကုန်တိုက်ကြီးများရှိခဲ့၏။

အာဠဝီစီလမ်းပေါ်တွင် စာတိုက်ကြီး ရှိသည်။ အေဘီအမ်ပုံနှိပ်တိုက် ရှိခဲ့သည်။ ယင်းပုံနှိပ်တိုက်မှာ စာအုပ်တိုက် ဆိုင်ကြီးဖြစ်သဖြင့် ကျောင်းသုံး စာအုပ်များ၊ စာရေးကိရိယာများ ရောင်းချသည်။ ခရစ်စမတ်ကတ်များ၊ စာအိတ်များလည်း ရောင်းချသည်။ ထို့ပြင် မန္တလေးနှင့် ပတ်သက်၍ ပြည့်စုံလှသော စာအုပ်ကြီးတစ်အုပ်ကိုလည်း အာဠဝီစီလမ်း တိုက်နံပါတ်၁၁၊ ကိုဘေတင် ထံတွင် ဝယ်ယူနိုင်သည်။ထိုစာအုပ်ကြီးက ပုဂံဝန်ထောက်မင်းဦးတင်၏ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး သုံးတွဲဖြစ်၏။တစ်တွဲလျှင် ၆/-၈ဲ နူန်းဖြစ်သည်။ ထို့ပြင် အာဠဝီစီလမ်းတွင် ဝှိုက်တဝေးလိဒ်ဒလော ကုမ္ပဏီကြီးလည်း ရှိသည်။ ဝှိုက်တဝေးသည် ရိုးကုမ္ပဏီနှင့် အပြိုင်ဖြစ်သည်။ ဝှိုက်တဝေးမှာ အဝတ်အစားအမျိုးမျိုး၊ အိပ်ရာခင်းအမျိုးမျိုး၊ ဇွန်း၊ ခက်ရင်း၊ ပန်းကန်အမျိုးမျိုး၊ ရှုးဖိနပ် ခြေနင်းအမျိုးမျိုး၊သေတ္တာအမျိုးမျိုး၊ ခုတင်ပုခက် အမျိုးမျိုး စုံလင်အောင် ရောင်းချသည်။ ယုတ်စွအဆုံး တွယ်ချိတ်အထိ ရှိသည်။ တွယ်ချိတ်တစ်ဒါဇင်မှ တစ်မူး၊ သူ့တွယ်ချိတ်ကလည်း အာမခံချိတ်တဲ့။ မပျောက်လို့ကတော့ တစ်သက်လုံး သုံးရောဆိုသည့် တွယ်ချိတ်မျိုးဖြစ်သည်။

အာဠဝီစီလမ်းတွင် မစ္စကွစ် ကုမ္ပဏီလည်း ရှိသည်။ ထိုကုမ္ပဏီကတော့ တယော၊ မယ်ဒလင်၊ စန္ဒရားစသည့် တူရိယာပစ္စည်းများနှင့် ဓာတ်စက်ခေါ် ဓာတ်သေတ္တာအမျိုးမျိုး၊ လစဉ်ထုတ် သီချင်းဓာတ်ပြားများလည်းရောင်းချရာ ဌာနဖြစ်သည်။

ထိုခေတ်က စန္ဒရားကို ငွေကြေးတတ်နိုင်သူများသာ ကိုယ်ပိုင် ဝယ်ယူ၍ အင်္ဂလိပ်အတီးသင်နည်း စာအုပ်များဖြင့် စန္ဒရားတီးသင်ကြသည်။ စန္ဒရားသင် ဆရာဆရာမများက အများအားဖြင့် အင်ဂလိုအင်ဒီးယန်းများဖြစ်၏။ ‘မစ္စကွစ်’မှာ စန္ဒရားများ ရောင်းသည်။ ထို့ပြင် စန္ဒရားကို ငှားလည်း ငှားသည်။ပြင်လည်း ပြင်သည်။
ငွေဒင်္ဂါးတစ်ပြားလျှင် ၁၃ိ/-ကာလက ယဒ’မစ္စကွစ်’ မှ မို(လ)တရီ အမျိုးအစား စန္ဒရားတစ်လုံးကို တစ်လလျှင် တစ်ဆယ့်နှစ်ကျပ်ပေး၍ ငှားရမ်းကာ အတီးသင်ခဲ့ကြသည်။ မန္တလေးမီးရထားကုန်ရုံဝန်ထောက်ကြီး၏
သမီးသုံးယောက် အနက်မှ တစ်ယောက်သည် နောင်အခါ နာမည်ကျော် ‘မိုးဒေဝါ မလှရွှေ’ ဖြစ်လာခဲ့ဖူးသည်။

ထို့အတူ ‘မစ္စကွစ်’မှပင် ဗီသိုဗင်၏ ဆင်ဖိုနီအမှတ်၅၊ ၁၂လက်မ ဓာတ်ပြားတွဲကိုဝယ်ကာ ဓာတ်စက်တွင် ဖွင့်ပြီးနားထောင်၊ ဓာတ်ပြားအဖုံး အယ်လ်ဘမ်တွင် ပုံနှိပ်ထားသည့် ဆင်ဖိုနီမိတ်ဆက်စာကို ဖတ်ရှု၊ ဂီတသင်္ကေတများကို မှတ်သားပြီး ဘယ်အသွား ဘယ်လိုဖွဲ့၊ ဘယ်တူရိယာ ဘယ်လို အသုံးချသည်ကို လေ့လာခဲ့ကြသည့် မန္တလေးသား ဂီတဝါသနာရှင် လူငယ်တစ်စုတွင် နောင်အခါ ဓားတန်းဦးသန့်ဖြစ်မည့် လူငယ်၊ မြို့မငြိမ်းဖြစ်မည့် လူငယ်လည်း ပါရှိခဲ့သည်။

ထို့ကြောင့် ၂၂လမ်းခေါ် အာဠဝီ စီလမ်းသည် ရတနာပုံခေတ်က အ မင်္ဂလာလမ်း ဖြစ်ခဲ့သော်ငြား ကိုလိုနီခေတ် တွင် အရင်းရှင်စီပွားရေး၏ ဈေးလမ်းမကြီးအသွင်
ပြောင်းခဲ့လေသောအခါ အနုပညာအမြင်ကျယ်သည့် လူငယ်များအတွက် အခွင့်အလမ်းများစွာ ပေးစွမ်းခဲ့သည်မှာ သတိပြုဖွယ်ဖြစ်ပါ၏။ အရာရာကို အစွဲကြီးစွာ တရားသေ ဆုပ်ကိုင်လို့ မရ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW