(၂)နှစ်ကျော်တဲ့အထိ အနိမ့်ဆုံးလစာနူန်းထားသစ် မသတ်မှတ်နိုင်တာကြောင့် စက်ရုံအလုပ်သမားတွေ လုပ်ခလစာ နစ်နာဆုံးရှုံးနေရ

ဇွန် ၇-၂၀၂၂
VOM ( GG)

အနည်းဆုံးလုပ်ခလစာနူန်းထားသစ် သတ်မှတ်ရမယ့်ကာလထက် ၂နှစ်ကျော်ကြာတဲ့အထိ မသတ်မှတ်နိုင်သေးတဲ့အတွက် အလုပ်သမားတွေရဲ့ လုပ်ခလစာတွေနစ်နာဆုံးရှုံးနရပြီး ဒုက္ခရောက်နေရတယ်လို့ သိရပါတယ်။

ဒါကြောင့် အနည်းဆုံးလုပ်ခလစာနူန်းထားသစ်ကို အမြန်ဆုံးသတ်မှတ်ပေးဖို့ အလုပ်သမားတွေကတောင်းဆိုထားကာ နူန်းထားအနေနဲ့ဆိုရင် တစ်ရက်ကို ၇၂၀၀ ကျပ်သတ်မှတ်ပေးဖို့ အလုပ်သမားတွေကပြောဆိုပါတယ်။

” တကယ်ဆို အနိမ့်ဆုံးလုပ်ခလစာနူန်းအသစ်က သတ်မှတ်ရမယ့်ကာလ အများကြီးကျန်ခဲ့ပြီ။ အခုမေလဆို၂နှစ်ပြည့်ပြီ။ အခုထိ မသတ်မှတ်နိုင်သေးဘူး။အဲ့ဒီလိုမသတ်မှတ်နိုင်တော့ အလုပ်သမားတွေရပိုင်ခွင့် ဆုံးရှုံးတယ်။တကယ်လို့သာ နူန်းထားသစ်ကို သတ်မှတ်နိုင်ခဲ့မယ်ဆိုရင် ဥပမာ တရက်၆၀၀၀ ထားပါစို့။အလုပ်သမားတယောက် တရက်ကို၁၂၀၀ ပိုရမယ်၊တစ်လကို၃၆၀၀၀ ၊တစ်နှစ်ဆို ၄ သိန်းကျော် နစ်နာသွားပြီလေ၊ “လို့ အလုပ်သမားအရေးဆောင်ရွက်သူတဦးကပြောပါတယ်။

လက်ရှိရန်ကုန်က စက်ရုံအလုပ်ရုံ အချို့ဟာ လုပ်သက်ရင့်ဝန်ထမ်း ၊ ကျွမ်းကျင်ဝန်ထမ်း တွေကိုပါ လုပ်ခလစာတိုးပေးတာမျိုးမရှိသလို ကျွမ်းကျင်ကြေး၊အရည်အချင်းအလိုက် အပိုကြေးပေးတာတွေလည်းမရှိဘဲ ဝန်ထမ်းအားလုံးကို တစ်ရက်အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်သာပေးနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

” အလုပ်သာ ပိုတိုးလုပ်ရတယ်၊လစာက တရက်၄၈၀၀ ပဲရတယ်။ တိုးလည်းတောင်းရော သူတို့က စာထုတ်တယ် ဥပဒေအတိုင်း သတ်မှတ်ထားတဲ့အတိုင်းပေးတယ်ပေါ့။ အခုခေတ်အခြေအနေ ကုန်စျေးနူန်း အကုန်လုံးတက်နေတာ ၄၈၀၀ နဲ့ တယောက်ဝမ်းစာအတွက်တောင် မလောက်ပါဘူး ။ အနိမ့်ဆုံး လုပ်ခလစာနူန်းထားသစ်ကို အခုထက်ပိုပြီး သတ်မှတ်စေချင်တယ် ” လို့ အထည်ချုပ်စက်ရုံ အလုပ်သမားတဦးက ပြောပါတယ် ။

အနည်းဆုံးလုပ်ခလစာ နူန်းထားသစ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလမှာ သတ်မှတ်ရမှာဖြစ်ပေမယ့် ကိုဗစ်ကြောင့် သတ်မှတ်နိုင်ခြင်းမရှိခဲ့ရာကနေ လက်ရှိ (၂)နှစ်ကျော်ကြာကာလအထိလည်း သတ်မှတ်ပြဌာန်းနိုင်ခြင်းမရှိသေးပါဘူး။

အနည်းဆုံး လုပ်ခလစာနူန်းထားအသစ်ကို ဥပဒေအရ ဆိုပါက (၂)နှစ်တကြိမ် ပြင်ဆင်သတ်မှတ်ရမှာဖြစ်ပြီး ၂၀၂၀ မေလကတည်းက ထုတ်ပြန်ရမှာလည်း ဖြစ်ပါတယ်။

EMG အထည်ချုပ်စက်ရုံကတော့၂၀၁၈ ခုနှစ်မှာ အတည်ပြုသတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်အတိုင်း မပြောင်းလဲဘဲ ဒီနေ့အထိ ပေးနေတယ်လို့ ဇွန်လ ၁ရက်နေ့က စာထုတ်ထားတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #လုပ်ခလစာနူန်းထားသစ် #မပြောင်းလဲ #စက်ရုံအလုပ်သမားတွေနစ်နာနေ

Related posts

Leave a Comment

VOM News

FREE
VIEW