တွံတေးမြို့နယ်မှာ ဆိုင်ကယ်စီးခွင့် ရက်အကန့်အသတ်မရှိ ပိတ်

ဇွန် ၉-၂၀၂၂
KK(VOM)

တွံတေးမြို့နယ်မှာ မနက်ဖြန်ကစပြီး ဆိုင်ကယ်စီးခွင့်ကို ရက်အကန်အသတ်မရှိပိတ်လိုက်ပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

တွံတေးမြို့နယ်က ရပ်ကွက်နဲ့ကျေးရွာအချို့မှာ ဒီကနေ့ နေလယ်ပိုင်းက အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ ဇွန် ၁၀ ရက်မှစတင်ကာ ဆိုင်ကယ်စီးခွင့်ကို ရက်အကန့်အသတ်မရှိပိတ်လိုက်ကြောင်း လိုက်လံကြေညာနေတယ်လို့ မြသီတာရပ်ကွက်နေသူတဦးက ပြောပါတယ်။

“သုံးဘီးနဲ့လိုက်ကြေညာနေတာ ရွှေဆံတော်ဘုရားလမ်းအတိုင်း၊ မနက်ဖြန်ကစပြီး ဆိုင်ကယ်စီးခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်ဆိုပြီး”လို့ သူကပြောပါတယ်။

ဒီလိုဆိုင်ကယ်ပိတ်လိုက်တာဟာ အခြေခံလူတန်းစားတွေသာမက ရုံးဝန်ထမ်းနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေပါ စီးခွင့်မပြုဘူးကြောင်း သိရတယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

“ရန်ကုန်မှာ အလုပ်သွားလုပ်တဲ့သူတွေ ပိုခက်ခဲသွားတယ်၊ ဒလဘက်မှာလည်း ဆိုင်ကယ်ရော သမ္ဗန်ရောပိတ်၊ အခုတွံတေးထပ်ပိတ်တယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် တွံတေးနဲ့နီးစပ်နေတဲ့ ကော့မှုးမြို့နယ်ဘက်ကို ဆိုင်ကယ်စီးခွင့်ပိတ်မယ်ဆိုတဲ့အသံတွေ ကြားနေတာကြောင့် ဆိုင်ကယ်နဲ့ကုန်ရောင်းကုန်ဝယ်လုပ်သူတွေအခက်အခဲဖြစ်ရတယ်လို့ စမ်းရွာမှာနေထိုင်သူတဦးက ပြောပါတယ်။

အခုလို ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာဟာ တွံတေးမြို့နယ်က ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရေကျော်စုကျေးရွာရှိအမျိုးသားတဦးရဲ့ နေအိမ်ကို ကျည်ဆံနဲ့အတူ သတိပေးစာပေးပို့ခဲ့တာနဲ့သက်ဆိုင်နေတယ်လို့ မြို့ခံတွေက သုံးသပ်ကြပါတယ်။

ရန်ကုန်မှာ မော်တော်ဆိုင်ကယ် တရားဝင်စီးခွင့်ပြုထားတဲ့ မြို့နယ် ၁၃ မြို့နယ်ထဲက သန်လျင်မြို့နယ်ကို မေလ ၁၈ ရက်မှာ ဆိုင်ကယ်စီးခွင့်ပိတ်ခဲ့တာလည်းဖြစ်ပါတယ်။

သန်လျင်မှာ ဆိုင်ကယ်စီးခွင့်ပိတ်ပြီး ဆယ်ရက်အကြာ မေလ ၂၈ ရက်မှာတော့ ဒလမြို့နယ်မှာ ဆိုင်ကယ်စီးခွင့်ကို ထပ်မံပိတ်ခဲ့တာဖြစ်ပါတယ်။

တွံတေးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၈ ခုနဲ့ ကျေးရွာစု ၆၅စုရှိပြီး ကျေးရွာပေါင်း၂၂၀ရွာနဲ့ ဖွဲ့စည်းထားကာ လူဦးသုံးသိန်းကျော်နေထိုင်တဲ့မြို့နယ်လည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #တွံတေး #ဆိုင်ကယ်စီးခွင့်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW