မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ အာဆီယံအထူးသံတမန်ရဲ့ ဒုတိယမ္ပိ ဝိရောဓိခရီးစဉ်

ဇွန် ၁၀-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ရည်ရွယ်ကာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ခ်ဆိုခွန်ဟာ အခုလထဲမှာ မြန်မာနိုင်ငံကို ဒုတိယကြိမ်အဖြစ် လာရောက်ဖို့ရှိနေပါတယ်။

ဒီခရီးစဉ်မှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေထွက်ပေါ်ဖို့၊ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်သူတွေအားလုံးနဲ့ ပိုမိုကျယ်ပြန့်စွာတွေ့ဆုံနိုင်မယ်လို့ မျှော်လင့်ကြောင်း အထူးသံတမန်က ထုတ်ဖော်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး၊ ဆိုးရွားလာနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေစတဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အာဆီယံအထူးသံတမန်က မေ ၂၇ ရက်က ရှင်းလင်းတင်ပြခဲ့ပါတယ်။

အာဆီယံအထူးသံတမန် ပရက်ခ်ဆိုခွန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် နိုရယ်လင်းဟေဇာပါတက်ရောက်ခဲ့တဲ့ ဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကြေညာချက်တစောင်ကို လုံခြုံရေးကောင်စီက ထုတ်ပြန်ချက်ထုတ်ဖို့ ဗြိတိန်ရဲ့အဆိုပြုမှုဟာ တရုတ်နဲ့ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် အကောင်အထည်မပေါ်ခဲ့ပါဘူး။

အဓိကအားဖြင့် အာဆီယံ ဘုံသဘောတူညီချက်တွေကို မြန်မာဘက်က အကောင်အထည်ဖော်ရာမှာ အကန့်အသတ်နဲ့သာလုပ်ဆောင်နေတာကို တွန်းအားပေးဖို့နဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်သူတွေအားလုံး တွေ့ဆုံဆွေးနွေးဖို့ကို အာဆီယံကဦးဆောင်ပြီး ထိရောက်တဲ့ သတိပေးအရေးယူမှုပြုဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေအပါအ၀င် ဖမ်းဆီးခံရသူ ၁၃၀၀၀ ကျော်ရှိနေပြီး ၁၈၀၀ သေဆုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာ နှစ်ဘက်အကြားပဋိပက္ခတွေကြောင့် မြန်မာပြည်သူ တသန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်ထားပါတယ်။

အဲဒီထဲကမှ ခုနှစ်သိန်းကျော်ဟာ ပြီးခဲ့တဲ့တနှစ်ကျော်ကာလအတွင်းက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတာဖြစ်ကာ ကျန်တဲ့ သုံးသိန်းလေးသောင်းကျော်ကတော့ နယ်စပ်နဲ့အခြားဒေသတွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ယခင်ကတည်းက နေရပ်စွန့်ခွာနေရသူတွေဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းက ဆိုးရွားလာနေပါတယ်။

ကိုဗစ်-၁၉ ကပ်ရောကြောင့် ထိခိုက်ခဲ့တဲ့စီးပွားရေးဟာလည်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပြည်ပရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတွေ နှုတ်ထွက်မှုတွေကြောင့် ပိုပြီးထိခိုက်နေပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းဟာ ၁ ရာခိုင်နှုန်းသာရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

“ လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းရဲ့ ရှုပ်ထွေးမှုတွေကို ကမ္ဘောဒီးယားအနေနဲ့ အသိအမှတ်ပြုနားလည်ပါတယ်။ ယခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌ တာ၀န်ယူချိန်မှာ မြန်မာ့ရေးပြေလည်မှုရရှိရေး အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး ဒါတွေဟာ မြန်မာပြည်သူတွေ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးအတွက် အနာဂတ်ကြိုးစာအားထုတ်မှုတွေမှာ အခြေခံအုတ်မြစ်ကောင်းတွေဖြစ်ဖို့ မျှော်လင့်ထားပါတယ်” လို့ အာဆီယံအထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ခ်ဆိုခွန်က မြန်မာ့အရေးမှာ ကမ္ဘော့ဒီးယားရဲ့ရပ်တည်ချက်ကို ပြောပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ မတ်လအတွင်းက သူ့ရဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကတော့ မျှော်လင့်သလောက် အရာမထင်ခဲ့ပါဘူး။ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ နိုင်ငံရေးဖြစ်စဉ်မှာပါ၀င်သူတွေ တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ကူညီမှုတွေပေးအပ်နိုင်ရေး၊ သက်ဆိုင်သူအားလုံးနဲ့ အာဆီယံအထူးသံတမန်ကို တွေ့ခွင့်ပြုရေးတွေပါ၀င်တဲ့ အာဆီယံဘုံ သဘောတူညီချက် တွေကို အကောင်အထည်ဖော်ရေး တွန်းအားပေးဖို့ဖြစ်ပါတယ်။

အဲဒီခရီးစဉ်ဟာ နှစ်ဘက်အကြား ကြိုတင်သဘောတူညီချက်တွေမရှိဘဲ လာရောက်ခဲ့တာဖြစ်ပေမယ့် အာဆီယံအထူးသံတမန် မျှော်လင့်ထားသလို့ ထင်တိုင်းခရီးမပေါက်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦး၀င်းမြင့်တို့နဲ့ တွေ့ဆုံခွင့်မရခဲ့သလို အခြားအတိုက်အခံအင်အားစုတွေနဲ့လည်း တွေ့ခွင့်မသာခဲ့ပါဘူး။

အဲဒီနောက်မှာ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီးဖြစ်သူ အင်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ဒေါ်စုစုလွင်နဲ့ တွေ့ဆုံဖို့စီစဉ်ခဲ့ပေမယ့်လည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာကြောင့် တွေ့ခွင့်မရခဲ့ပြန်ပါဘူး။

ဒီအစား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးနဲ့သာ တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့ဆုံခွင့်မရရှိခဲ့ဘဲ နစက ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့ တာ၀န်ရှိသူတွေနဲ့သာ တွေ့ခွင့်ရခဲ့လို့ မျှော်လင့်တဲ့အတိုင်း အောင်မြင်တဲ့ခရီးစဉ်လို့ သတ်မှတ်လို့ မရတဲ့ အခြေအနေဖြစ်ပါတယ်။

“ မိမိအနေနဲ့ မြန်မာနိုင်ငံ ဒုတိယအကြိမ်ခရီးစဉ်မှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေရှိရေး၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေအပြင် အကောင်းမြင်ဝါဒ စတဲ့အချက်ငါးချက်နဲ့ ခရီးစဉ်ကို ချဉ်းကပ်မှာဖြစ်ပါတယ်” လို့အာဆီယံအထူးသံတမန်က ခရီးစဉ်နဲ့ပတ်သက်ပြီး သူ့ရဲ့မျှော်လင့်ချက်ကို ပြောပါတယ်။

လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံကို ဖယ်ကျဉ်ထားမယ့်အစား အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံနေသမျှ ဖြစ်ပွားနေတဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ မျှော်လင့်ချက် မကုန်ဆုံးသေးလို့ အထူးသံတမန်က ထုတ်ဖော်ပြောဆိုထားပေမယ့် သူ့ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ကတော့ ဝိရောဓိအတွေး များစွာနဲ့ စောင့်ကြည့်ဖွယ်ဖြစ်နေပါတော့တယ်။

Photo: Khmer Times
#voiceofmyanmar #VOM #မြန်မာ့နိုင်ငံရေးအကျပ်အတည်း #အာဆီယံအထူးသံတမန် #ဒုတိယမ္ပိဝိရောဓိခရီးစဉ်

Related posts

Leave a Comment

VOM News

FREE
VIEW