မြန်မာ့သူနာပြုလောကမှာ ထင်ရှားကျော်ကြားတဲ့ သူနာပြုဆရာမကြီး အီလင်းဘာဘရို ကွယ်လွန်

ဇွန် ၉-၂၀၂၂
KK(VOM)

မြန်မာ့သူနာပြုလောကမှာ ထင်ရှားကျော်ကြားတဲ့ အသက် ၉၃ ခုနှစ်အရွယ် အီတလီသူနာပြုဆရာမကြီး အီလင်းဘာဘရို(Eileen Barbaro)ဟာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်မှာနေထိုင်တဲ့ အငြိမ်းစားသူနာပြုဆရာမကြီး ဒေါ်အီလင်းဘာဘရိုဟာ ဇွန်လ ၇ ရက် ညပိုင်းက အင်းစိန်ဆေးရုံကြီးမှာကွယ်လွန်ခဲ့ပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာပဲ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံသုဿန်ခန်းမမှာ ဆရာမကြီးရဲ့စျာပနကို ပြုလုပ်ခဲ့တယ်လို့ ဆရာဝန်တဦးကပြောပါတယ်။

“မာမီကြီးက ဆေးလောကမှာရော သူနာပြုလောကမှာ အရမ်းတန်ဖိုးမဖြတ်နိူင်တဲ့ သူနာပြုကြီးတယောက်ပါ၊ အစားမထိုးနိူင်အောင်ဖြစ်ရပါတယ်”လို့ သူကပြောပါတယ်။

သူနာပြုဆရာမကြီး အီလင်းဘာဘရိုကို၁၉၂၉ ခုနှစ်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့မှာ အီတလီလူမျိုးမိဘနှစ်ပါးဖြစ်တဲ့မစ္စတာလူးစစ်အီးဘီဘာရိုနဲ့ မိခင်ဖြစ်သူဒေါ်ရူဘီတို့က မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမနှစ်ယောက်မှာ သူကအကြီးဖြစ်ပါတယ်။

ရန်ကုန်ကို ၁၉၄၆ ခုနှစ်မှာ ရောက်ရှိလာပြီး မိခင်သူငယ်ချင်းဖြစ်သူ သူနာပြုဆရာမကြီး ဆူဇန်ရဲ့စောင့်ရှောက်မှုကိုခံယူရင်း ရန်ကုန်ပြည်သူဆေးရုံကြီးရဲ့သူနာပြုလောကကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

၁၉၅၀ ပြည့်နှစ်မှာတော့ အင်္ဂလန်နိုင်ငံမှာ သူနာပြုသင်တန်းတက်ခွင့်ရရှိခဲ့သူတဦးလည်းဖြစ်ပါတယ်။

အင်္ဂလန်မှာ ငါးနှစ်တာပညာသင်ကြားနေစဥ် ၁၉၅၅ ခုနှစ်မှာ ဖခင်ဖြစ်သူကွယ်လွန်၍ မိခင်ဖြစ်သူကိုပြုစုဖို့ မြန်မာပြည်ကို ပြန်လာခဲ့ပြီး ရန်ကုန်ဆေးရုံကြီးမှာ ကလေးများကုသရေးတာဝန်ကို ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်က ကလေးဆေးရုံသီးသန့်မရှိတာကြောင့်
လုပ်ဖော်ကိုင်ဖက်တွေနဲ့ပူးပေါင်းကာ ကလေးဆေးရုံသီးသန့်ရရှိရေးအတွက် ကြိုးစားခဲ့ရာ ၁၉၇၈ ခုနှစ်မှာ ပြည်ထောင်စုရိပ်သာလမ်း (ဟယ်လ်ပင်လမ်း)မှာ ကလေးဆေးရုံသစ်ကြီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ကျန်းမာရေးလောကမှာ သူနာပြုကောင်းတွေ ထွက်ပေါ်လာစေဖို့ ဆက်လက်ကြိုးစားခဲ့ရာ ၁၉၈၆
ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က ထောက်ခံချက်ပေးပြီး ဂျပန်အင်တာနေရှင်နယ်ကော်ပိုရေးရှင်းအေဂျင်စီရဲ့ကူညီမှုနဲ့ သူနာပြုတက္ကသိုလ်ကို ရန်ကုန်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

သူနာပြုဆရာမကြီး အီလင်းဘာဘရိုဟာ ကျန်းမာရေးဆေးပညာလောကမှာ နှစ်ပေါင်းလေးဆယ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ၁၉၈၈ခုနှစ်မှာ လုပ်သက်ပြည့်ပင်စင်ယူခဲ့ပါတယ်။

၁၉၈၈ ကနေ၂၀၀၇ ခုနှစ်အထိ မြန်မာနိုင်ငံသူနာပြုအ
သင်းချုပ်မှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပါတယ်။

ဥက္ကဌအဖြစ်တာဝန်ယူနေတဲ့အချိန်မှာ ပင်စင်စားသူနာပြုဆရာမကြီး၂၅ ဦးနဲ့ ကျေးလက်ဒေသရှိ ဆင်းရဲသားများဘဝ ပြန်လည်ထူထောင်ရေးအစီအစဉ်(Home Based Nursing Care)ကို World Vision အကူအညီနဲ့ ရန်ကုန်နယ်နိမိတ်အတွင်းရှိ နေရာပေါင်း ၂၅ နေရာမှာအကောင်အထည်ဖော်ပေးခဲ့ပါတယ်။

ဒီလိုဆောင်ရွက်မှုတွေကြောင့် ဆရာမကြီး ဒေါ်အီလင်းဘာဘရိုကို နိုင်ငံတော်က လူမှုထူးချွန်ဆု(ပထမ)အဆင့်ချီးမြင့်ခဲ့သလို ၂၀၁၂ ခုနှစ်မှာ ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံက Princess Srinagarindra Award ဆုကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဆရာမကြီးဟာ ရန်ကုန်ဆေးရုံကြီးရဲ့သူနာပြုအုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သလို မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့သူတဦးဖြစ်တဲ့အတွက် ကျန်းမာရေးအသိုင်းအဝိုင်းမှာ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြန်မာ့သူနာပြုလောက #ထင်ရှားကျော်ကြားသူနာပြုဆရာမကြီး #အီလင်းဘာဘရိုကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW