မကွေးတိုင်းမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်နဲ့ ဆီသိုလှောင်ခြံတွေကို စစ်ဆေးမှုပြုလုပ်

ဇွန် ၁၁-၂၀၂၂
VOM (GG)

မကွေးတိုင်းတတိုင်းလုံးက စက်သုံးဆီအရောင်းဆိုင်တွေကို လုပ်ငန်းလိုင်စင်ရှိ၊မရှိနဲ့ ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချခြင်းရှိ၊မရှိကို သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေ တရားမဝင်စက်သုံးဆီရောင်းချခြင်းရှိ၊မရှိ ၊ပုံမှန်အတိုင်းဖွင့်လှစ်ခြင်းရှိ၊မရှိ ၊ ပိတ်ထားတာရှိ၊မရှိ၊ တရားဝင်ဖြန့်ဖြူးရောင်းချခြင်းနှင့်တရားဝင်လုပ်ငန်းလိုင်စင်ရယူ​ ဆောင်ရွက်ထားခြင်းရှိ၊မရှိ၊စက်သုံးဆီပြတ်လပ်ခြင်း ရှိ၊မရှိ၊ လုံခြုံရေးအခြေအနေတွေကို လိုက်လံစစ်ဆေးနေတာဖြစ်တယ်လို့သိရပါတယ်။

” ကျနော်တို့ဌာနအပါ ရဲတပ်ဖွဲ့၊ထွေ/အုပ်၊ ကျန်တဲ့ဌာနဆိုင်ရာတွေပေါင်းပြီး ၉ ရက်နေ့က စစ်ဆေးတာတွေလုပ်ခဲ့တယ် ။ တရားမဝင်ရောင်းချနေတဲ့ဆီဆိုင် မရှိပါဘူး။ကျနော်တို့စလင်းမှာတော့ စက်သုံးဆီဆိုင် ၁၈ ဆိုင်ရှိတယ်”လို့ စလင်းမြို့နယ်မီးသတ်ဌာနမှ တပ်ဖွဲ့ဝင်တဦးကပြောပြပါတယ်။

ဆီသိုလှောင်ထားတဲ့ ခြံတွေအနေနဲ့လည်း တရားမဝင်စက်သုံးဆီသိုလှောင်ခြင်း၊သယ်ဆောင်ခြင်းမပြုလုပ်ဖို့ နဲ့ ဆီလှောင်ဖို့ သယ်ဆောင်တဲ့အခါ ဥပဒေနဲ့အညီဆောင်ရွက်ဖို့ စစ်ဆေးသတိပေးတာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ရေနံစိမ်းသယ်ဆောင်ရာမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရေနံစိမ်းသယ်ဆောင်ခွင့် မျှောပါမှသာ သယ်ဆောင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ဖို့၊ အကယ်လို့ တရားမ၀င်သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိပါက ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ သတိ​ပေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

” အကုန်စစ်နေတာ ၊ ဟိုနေ့ကဆို ကံမ ၊သရက်မှာအကုန်လိုက်စစ်တယ်။ အဓိက ဆီစျေးပိုရောင်းလား၊ လိုင်စင်ရှိလား၊ ဆီဆိုင်ပိတ်ရင် ဘာကြောင့်ပိတ်လဲ၊ဆီပြတ်လို့ပိတ်တာဆိုရင် ဘာမှမဖြစ်ဘူး။ အဓိက လိုင်စင်စစ်တာလို့ ပြောတယ်။ ဆိုင်ကြီးတွေကတော့လိုင်စင်မရှိဘဲ မဖွင့်ရဲလောက်ပါဘူး”လို့ ကံမမြို့နယ်ဒေသခံတဦးကပြောပါတယ်။

စစ်ဆေးမှုတွေကိုတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စည်ပင်သာဌာန၊ပြည်တွင်းအခွန်ဦးစီးဌာန၊ရဲတပ်ဖွဲ့ ၊မီးသတ်ဌာန၊သစ်တောဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်သုံးဆီဆိုင်များကြီးကြပ်မှုကော်မတီ၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီနဲ့ တာဝန်ရှိပူးပေါင်းအဖွဲ့တွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်​။

#voiceofmyanmar #VOM #မကွေး #စက်သုံးဆီဆိုင် #လိုက်လံစစ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW