တခြားမှာဝင်ခွင့်ရထားတဲ့ ကျောင်းသားတွေ ကျန်းမာရေးဌာနအောက်က တက္ကသိုလ်တွေမှာ ပြောင်းရွှေ့တက်ခွင့်ပြုမယ်

ဇွန် ၁၁-၂၀၂၂
VOM (GG)

ကျန်းမာရေးဝန်ကြီးဌာန မဟုတ်တဲ့ ကျန်တဲ့ဝန်ကြီးဌာနတွေအောက်က တက္ကသိုလ်တွေမှာ ဝင်ခွင့်ရရှိထားတဲ့ ကျောင်းသူ/ကျောင်းသားတွေကို ကျန်းမာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်တွေမှာ ပြောင်းရွှေ့တက်ရောက်ခွင့်ပြုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးပြောဆိုလိုက်ပါတယ်။

၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်တွေကို ဝင်ခွင့်ရရှိထားပြီး အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ရက်အတွင်း ကျောင်းအပ်နှံခြင်းမရှိသူတွေ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အချင်းချင်းပြောင်းရွှေ့လျှောက်ထားလိုသူတွေ၊တခြားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်တွေမှာ ဝင်ခွင့်ရရှိသူတွေအားလုံး ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်နဲ့ကိုက်ညီရင် ပြောင်းရွှေ့လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

” သိပ္ပံဘာသာတွဲတော့ဖြစ်ရမယ်၊သင်တန်းပြီးတဲ့အထိတက်ရမယ်၊တက္ကသိုလ်ခွဲဝေချထားရေးအဖွဲ့က တက်ခွင့်ပြုတဲ့နေရာကိုတက်ရမယ်၊တခြားလိုအပ်တဲ့စည်းကမ်းသတ်မှတ်ချက်တွေအပြည့်စုံကို ဝန်ကြီးဌာနကကြေညာပေးထားပါတယ် “လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်တွေထဲကမှ ဆေးတက္ကသိုလ် နဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေက ပထမနှစ်သင်တန်းတွေရဲ့လစ်လပ်နေရာတွေကို ပြောင်းရွှေ့တက်ရောက်ဖို့ လျှောက်လွှာခေါ်ယူနေတာကိုလည်း တွေ့ရပါတယ်။

“CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေများတော့ အခုလိုလုပ်တာ​ဖြစ်မယ်၊ နစကဘက်ကလည်း CDM လုပ်တဲ့ဝန်ထမ်းတွေထဲကမှ ပညာရေးနဲ့ကျန်းမာရေးကိုပဲ အဓိကထားပြီး ပြန်ခေါနေတာတွေ့ရတယ်။ကျန်းမာရေးနဲ့ပညာရေးက တကယ်ကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့ လုပ်သက်ရှိဝန်ထမ်းတွေ ပိုပြီးလိုအပ်တယ်၊သူတို့ကမှ ပြည်သူကိုဝန်ဆောင်မှုပေးတဲ့အခါ အကောင်းဆုံး ဆောင်ရွက်နိုင်တာဆိုတော့လေ။ကျန်းမာရေးဆိုရင် ပြည်သူတွေအသက်နဲ့ဆိုင်တာ၊ပညာရေးကျတော့လည်း ကလေးတွေရဲ့အနာဂတ်၊နိုင်ငံအနာဂတ် ” ဖြစ်တယ်လို့ အထွေထွေရောဂါကုဆရာဝန်တဦးကသုံးသပ်ပြောဆိုပါတယ်။

တက္ကသိုလ် ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့လစ်လပ်နေရာတွေမှာ တက်ရောက်ခွင့်ရရှိအောင် ယခုလျှောက်လွှာခေါ်ယူမှုမှာ ဒုတိယအကြိမ်ဖြစ်တာကြောင့် အခု ဇွန်လ ၂၂ ရက်နေ့နောက်ဆုံးထား လျှောက်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနကအသိပေးထားပါတယ်။

လက်ရှိ နစက လက်ထက်မှာ ကျန်းမာ​ရေးဝန်ကြီးဌာနအောက်က ​ဆေးရုံ ၊ ဆေးတက္ကသိုလ် နဲ့ ကျန်းမာရေးဦးစီးဌနာ စတဲ့ဌာနတွေမှာ CDM လုပ်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးတက္ကသိုလ် ကျောင်းသားတွေ ၊ ဝန်ထမ်းတွေ ရှိနေပါတယ်​။

#voiceofmyanmar #VOM #တခြားဝင်ခွင့်ရကျောင်းသား #ကျန်းမာရေးတက္ကသိုလ် #ပြောင်းရွှေ့လျှောက်ထားနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW