တိုက်ပွဲရှောင်တွေများလို့ မုံရွာမှာ အိမ်ငှားစရာမရှိလောက်အောင် ရှားပါး

ဇွန် ၊ ၁၁-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်ကို စစ်ဘေးရှောင်ဖို့ ယာယီ ပြောင်းရွေ့နေထိုင်လာသူတွေ အလွန်များပြားလာတဲ့အတွက် အိမ်ငှားစရာမရှိလောက်အောင် ရှားပါးနေတယ်လို့ အိမ်ငှားသီးသန့်အကျိုးဆောင်လုပ်ကိုင်သူတွေဆီက သိရပါတယ်။

” ဟိုအရင် နှစ်တွေတုန်းက ငှားရမ်းဖို့ ကုန်ကြမ်းတွေဟာ နှစ်ပေါက်တဲ့အထိ အလုပ်မဖြစ်ဘူး ၊ အခုတော့ မုံရွာမြို့ပေါ်ကို အနီးနား နယ်တွေက စစ်ဘေးရှောင်ဖို့ ယာယီလာပြီး ငှားရမ်းနေထိုင်သူတွေ များတာကြောင့် အိမ်ငှားကုန်ကြမ်းတွေ ပြတ်နေတာ ၄ လလောက်ရှိနေပြီ “လို့ မုံရွာအခြေစိုက် အိမ်းငှားသီးသန့် အကျိုးဆောင်လုပ်ငန်း ၊ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့ပေါ်က လုံးချင်း လူနေတိုက်အိမ် ၁ လုံးရဲ့ ငှားရမ်းခတွေဟာ ပြီးခဲ့တဲ့ ၄ လ ဝန်းကျင်ကစလို့ ၃ သိန်းကနေ ၅ သိန်းအထိ နေရာအလိုက် စျေးနူန်းရှိနေပြီး စစ်ဘေးရှောင် ယာယီနေထိုင်ဖို့အတွက် ငှားရမ်းသူတွေ များလာတာကြောင့် ငှားရမ်းဖို့ ကုန်ကြမ်းတွေ ပြတ်လပ်နေတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။

” ဦးလေးတို့ မိသားစုက ရေဦးမြို့နယ်ကပါ ၊ တောင်သူလုပ်ငန်းကို မိရိုးဖလာ လုပ်ကိုင်လာခဲ့တယ် ၊ စားရေး နဲ့ ဝတ်ရေးအတွက် ဘာမှပူပင်စရာ မလိုဘူး ၊ အခုလို ပဋိပက္ခနဲ့ သတ်တာဖြတ်တာတွေ အချင်းချင်းဖြစ်လာတဲ့အခါ နေရေးအတွက် ပူလာရတယ် ၊ အဲ့ဒါကြောင့် အခုလို လုံခြုံမယ်လို့ထင်ရတဲ့ မုံရွာမြို့ပေါ်ကို ယာယီပြောင်းရွေ့နေထိုင်လာရတာပါ ၊ နေရေးအတွက် အိမ်ငှား စနစ်နဲ့ ဖြစ်တယ် “လို့ မုံရွာမြို့ပေါ်ကို ယာယီစစ်ဘေးရှောင်လာသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ၊ ဇွန်လကစလို့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေနဲ့ ကျေးရွာတွေမှာ နေ့တိုင်းလိုလို လူသတ်မှုတွေဖြစ်ပွားခဲ့ပြီး ၊ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေများပြားလာခဲ့ပြီးနောက်ပိုင်း ကိုယ့်ရပ်ကိုယ့်ရွာကို မနေရဲတာကြောင့် နေရပ်စွန့်ခွာပြီး ငွေကြေးတတ်နိုင်သူအများစုက မုံရွာမြို့ပေါ်ကို ယာယီပြောင်းရွေ့လာကာ အိမ်ငှားနေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

” စစ်ဘေးရှောင်တွေဟာ ငွေကြေးတတ်နိုင်သူက မုံရွာမြို့ပေါ်မှာ အိမ်ခြံမြေ အပိုင်ဝယ်ယူပြီး နေထိုင်တယ် ၊ အလယ်အလတ် တတ်နိုင်သူတွေက ငှားရမ်းနေကြတယ် ၊ အဲ့ဒီလိုနေဖို့ အဆင်မပြေတဲ့သူတွေက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေထိုင်ကြတယ် ၊ အခုဆိုရင် မုံရွာမြို့ပေါ်က ဘုန်းကြီးကျောင်း အတော်များများမှာ စစ်ဘေးရှောင်ဖို့ ခိုလှုံနေတဲ့ သူတွေရှိတယ် “လို့ ကူညီစောင့်ရှောက်ပေးသူတဦးက ပြောပါတယ်။

အခုနှစ် နှစ်ဆန်းပိုင်းစလို့ စစ်ကိုင်းတိုင်းထဲက မြို့ရွာတွေမှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး ကျေးရွာတချို့ ရွာလုံးကျွတ်နီးပါး မီးလောင်တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးလာသူတွေဟာ မုံရွာမြို့မှာ ခိုလှုံနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို မုံရွာမြို့ပေါ်ကို စစ်ဘေးရှောင်လာတဲ့ အိမ်ထောင်မိသားစု အရေအတွက်ဟာ ၁ သောင်းဝန်းကျင်ရှိနေပြီး လူဦးရေအားဖြင့် ၅ သောင်းထက် မနည်း ရှိနိုင်တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေရဲ့ခန့်မှန်းပြောပြချက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #စစ်ရှောင် #အိမ်ငှားစရာမရှိလောက်အောင် #ရှားပါး

Related posts

Leave a Comment

VOM News

FREE
VIEW