မြန်မာ – တရုတ်ကုန်သွယ်ရာ ကံပိုက်တီလမ်းကြောင်းမှာ လမ်း‌တွေပျက်စီးနေလို့ အခက်အခဲဖြစ်နေ

ဇွန် ၁၂၊ ၂၀၂၂
Shy V (VOM)

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီ မြို့နယ်ခွဲ နဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါက်ရှန်းခရိုင်၊ ထိန်ခြုံးမြို့နယ်ရှိ မြန်မာ-တရုတ် ကုန်သွယ်ရာ ကံပိုက်တီလမ်းကြောင်းမှာ လမ်း‌တွေပျက်စီးနေလို့ အခက်အခဲဖြစ်နေကြတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

“လဲတာ တလထဲကို ၅ စီးရှိသွားပြီ။ လမ်းရဲ့အားနည်းချက်ကြောင့် လမ်းမကောင်းလို့ လဲတဲ့ခါက လဲတယ်ပေါ့နော်။ ကားတွေက အရှိန်နဲ့ လဲတာမျိုး မဟုတ်ဘူး၊ ချိုင့်ခွက်ထဲ ဝင်သွားပြီး လဲရတာ ရှိသလို ယာဉ်မောင်းအနည်းစုက လမ်းပိုင်းအတွေ့အကြုံနည်းလို့ ဖြစ်ရတာ၊ တချို့ကတော့ အမြင့်ပိုတင်လာတာကြောင့် “လို့ ကန်ပိုက်တီလမ်းပိုင်းက ကုန်တင်ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

ရွှေညောင်ပင်ကနေ ငှက်ပျောခြံတွေကိုသွားတဲ့ ညောင်ပင် – တာလောကြီးလမ်းက ပိုဆိုးနေပြီး မိုးရွာရင် သွားဖို့က အရမ်းမလွယ်တော့ဘဲ ကားမောင်းအတွေ့အကြုံနည်းတဲ့ ယာဉ်မောင်းတွေဆိုရင် ကား ခဏခဏ လဲ တာမျိုးဖြစ်တယ်လို့ တစ်သျှူးငှက်ပျော ကုန်တင်ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

“မနေ့ကနဲ့ ဒီနေ့ တာလောကြီး ရွှေညောင်ပင်လမ်းပိုင်း။ မိုးများပြီး လမ်းတွေပျက်လို့ ကားတွေနစ်နေဝာာ။လမ်းတွေ အရမ်းပျက်နေပြီဗျာ။ အဲ့ဒီဖက်ကို သွားရမှာတောင်ကြောက်နေကြပြီ။” လို့ သူက ပြောပါတယ်။

ငှက်ပျောသီးတွေ ပျက်စီးသွားရင်တော့ အာမခံ သီးနှံ အထောက်ကူပြုလုပ်ငန်းကနေ လျော်ကြေးရပေမယ့် ကွန်တိန်နာbox တွေ ပျက်စီးသွားရင်တော့ ယဉ်ပိုင်ရှင်က လျော်ကြေးပြန်ပေးရတာဖြစ်တယ်လို့ ယာဉ်ပိုင်ရှင်တွေဆီက သိရပါတယ်။

“ကားက မှောက်သွားတယ်၊ လဲသွားတယ်ဆိုလို့ရှိရင် box ရဲ့တန်ဖိုးကို ကားပိုင်ရှင်က လျော်ရတယ်။ အခု ငှက်ပျောသီးကိုတော့ ဒီဘက်မှာ အာမခံ သီးနှံအထောက်ကူပြုလုပ်ငန်းဆိုတာရှိတယ်။ အဲ့ဒီမှာ အာမခံလုပ်ငန်းဆိုတာ ငှက်ပျောသီးကို အာမခံထားရတာ။ တခေါက်ကို ၉ သောင်းခွဲပေးပြီးတော့ အာမခံထားတာ ရှိတယ်ပေါ့နော်။”လို့ ယာဉ်ပိုင်ရှင် ၁ ဦးက ပြောပါတယ်။

box ပိုင်ရှင်တွေက တရုတ်လူမျိုးတွေဖြစ်ပြီး ကားလဲလို့ ပျက်စီးသွားခဲ့ရင် အလျော်အစား ပြန်ပေးရတဲ့ box တန်ဖိုးတွေက မြန်မာငွေ သိန်း ၂၀ ဝန်းကျင်ခန့်ရှိတာကြောင့် ခက်ခဲဆုံးရှုံးမှုတွေ ဖြစ်နေရတယ်လို့ သူက ရှင်းပြပါတယ်။

လမ်း‌ပိုင်း‌တွေမှာ ငွေကြေးပေးဆောင်နေရတာတွေ ရှိမေပေမယ့် မည်သည့်အဖွဲ့ကမှ တာဝန်ယူ ပြုပြင်တာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။

အခုလို လမ်းပိုင်းပျက်စီးနေတာကြောင့် ဘယ်သူမှ စေခိုင်းတာမျိုး မဟုတ်ပေမယ့် ယာဉ်မောင်းတွေစုပြီး အရမ်းဆိုးဝါးတဲ့ နေရာတွေကို ဝိုင်းဝန်းပြုပြင်ပြီး သွားနေရတယ်လို့ လမ်းပြုပြင်ရာမှာ ပါဝင်သူ ၁ ဦးက ပြောပါတယ်။

“ဒီလောက်ဆိုးတဲ့လမ်းကိုတော့ သူတို့ ပြင်တဲ့လူကိုတော့ မစောင့်နိုင်တော့ဘူး။ သူတို့ ဘယ်ချိန်မှ ပြင်လို့ ပြင်မှန်း မသိဘဲနဲ့။ ငှက်ပျောရာသီကလည်း ကုန်တော့မှာဆိုတော့။ ရှိတဲ့လူတွေ စုပြီးတော့ သွားပြီးတော့ ဆိုးဝါးတဲ့နေရာတွေ ကျောက်ခဲတွေချ။ အဲဒီလိုမျိုးတွေ လုပ်ရတာပေါ့။”လို့ လမ်းပြုပြင်ရာမှာ ပါဝင်သူ ၁ ဦးက ပြောပါတယ်။

အများဆုံးတင်ပို့တဲ့ ကုန်ပစ္စည်းတွေကတော့ တစ်သျှူးငှက်ပျော၊ ပြောင်း၊ ဖရဲသီး ၊ ရာဘာ တွေဖြစ်ပြီး အများဆုံးတင်သွင်းတဲ့ ကုန်ပစ္စည်းများကတော့ ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊လူသုံးအိမ်သုံးပစ္စည်းတွေဖြစ်ကာ လက်ရှိမှာတော့ တစ်သျှူး ငှက်ပျောသီး တမျိုးထဲသာ တရားဝင်တင်ပို့ခွင့်
ရှိတယ်လို့ ကုန်သည်၊ ယာဉ်မောင်းတွေဆီက သိရပါတယ်။

Photo-Crd
#voiceofmyanmar #VOM #ကံပိုက်တီလမ်းကြောင်း #လမ်း‌တွေပျက်နေလို့ #အခက်အခဲဖြစ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW