ကမ္ဘာပေါ်မှာ သေဒဏ်ပေးမှုနဲ့ ကွပ်မျက်မှု အများဆုံးနိုင်ငံများ

မျိုးဆက်(VOM)

ကမ္ဘာပေါ်မှာ သေဒဏ်ပေးမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ယခင်နှစ်ကထက် ၃၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကွပ်မျက်မှုနှုန်းဟာလည်း ၂၀ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မေလအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။

သေဒဏ်ပေးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာလည်း ကိုဂျင်မီ၊ ကိုဇေယျာသော်အပါအ၀င် ၄ ဦးကို အမှန်တကယ်ကွပ်မျက်ခဲ့ရင် အကျဉ်းဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်းဆက်လက်ဆောင်ရွက်မယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားတာဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွပ်မျက်မှု ဖြစ်လာဖွယ်ရှိနေပါတယ်။

ဒီကိစ္စကို ပြန်လည်စဉ်းစားဖို့ အာဆီယံအလှည့်ကျဥက္ကဌဖြစ်သူ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က တိုက်တွန်းထားပြီး မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထိခိုက်စေသလို နိုင်ငံတကာကလည်း အနှုတ်လက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတွေရှိလာမှာဖြစ်တာကြောင့် ကွပ်မျက်မှုကို ရှောင်ရှားဖို့ တောင်းဆိုထားပါတယ်။

သေဒဏ်ချခံရသူတွေကို ခေါင်းဖြတ်ခြင်း၊ လျှပ်စစ်အသုံးပြုခြင်း၊ ကြိုးပေးခြင်း၊ ဆေးထိုးခြင်းနဲ့ ပစ်သတ်ခြင်းစတဲ့ နည်းလမ်းတသွယ်သွယ်ကို အသုံးပြုကွပ်မျက်မှုပြုတဲ့ အမေရိကန်၊ တရုတ်၊ အီရန်၊ အီဂျစ်နဲ့ ဆော်ဒီအာရေဗျတို့လို နိုင်ငံတွေထဲမှ မြန်မာနိုင်ငံလည်း အပါအ၀င်ဖြစ်ပါတယ်။

မကြာသေးမီ အချိန်ကာလတွေအတွင်း မြန်မာနိုင်ငံမှာ သေဒဏ်အမိန့်ချခံရသူ အရေအတွက်ဟာ မြင့်တက်လာနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ထားပြီး အရပ်သားတွေကို စစ်ဘက် သို့မဟုတ် အထူးတရားရုံးတွေကို လွှဲပြောင်းစီရင်ရာမှာ အယူခံ၀င်ခွင့်မရှိဘူးလို့ ယူဆရဖွယ်ရှိကြောင်း အစီရင်ခံစာမှာ ပြောထားပါတယ်။

ကမ္ဘာတ၀န်းမှာ ပြစ်မှုအားလုံးအတွက် သေဒဏ်ပေးမှုကို ဖျက်သိမ်းလိုက်တဲ့ နိုင်ငံတွေဟာ ၂၀၂၁ ခုနှစ်ထိ ၁၀၈ နိုင်ငံထိရှိနေပြီး ဒီအရေအတွက်ဟာ ၁၉၇၇ ခုနှစ်ကထက် ၁၆ နိုင်ငံပိုများလာပါတယ်။

မကြာသေးမီကာလအတွင်း သေဒဏ်ဖျက်သိမ်းခဲ့တဲ့နိုင်ငံတွေကိုကြည့်ရင် ဆီရာလီယွန်ဟာ ရာဇ၀တ်မှုအားလုံးအတွက် သေဒဏ်ဖျက်သိမ်းတဲ့ ဥပဒေတရပ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ပါလီမန်က တညီတညွှတ်တည်း အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် ကာဇက်စတန်ကလည်း အလားတူဥပဒေတရပ်ကို ဒီဇင်ဘာလမှာ အတည်ပြုခဲ့သလို ပါပူဝါနယူးဂီနီကလည်း သေဒဏ်ပေးရေးဆိုင်ရာ အမျိုးသားအဆင့်ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး အခုနှစ် ဇန်နဝါရီလမှာ ဖျက်သိမ်းရေးဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံဟာလည်း သေဒဏ်ပေးကွပ်မျက်မှုကို ဖျက်သိမ်းပြီး အခြားသောပြစ်ဒဏ်တွေနဲ့ အစားထိုးဖို့ မလေးရှားအစိုးရက ယခုသီတင်းပတ်အတွင်းမှာ သဘောတူလိုက်ပြီဖြစ်ပါတယ်။

ကမ္ဘာတ၀န်းမှာလည်း ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံ ၅၆ နိုင်ငံမှာ သေဒဏ်ပေးခံရသူ ၂၀၅၂ ဦးရှိခဲ့ပါတယ်။ ဒေသအလိုက်အားဖြင့် အမေရိကဒေသမှာ သေဒဏ်ပေးမှု ၂၅ ခု၊ အာရှ-ပစိဖိတ်ဒေသမှာ ၈၁၉ ခု၊ ဥရောပနဲ့ ဗဟိုအာရှမှာ သေဒဏ်ပေးမှု တခုသာရှိပြီး အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာ ၈၃၄ နဲ့ အာဖရိက ဆဟာရဒေသမှာ ၃၇၃ ဦးထိ သေဒဏ်ပေးခံခဲ့ရပါတယ်။

အဲဒီနိုင်ငံတွေထဲကမှ ၁၈ နိုင်ငံမှာ ကွပ်မျက်ခံရသူ အရေအတွက်ဟာ ၅၇၉ ဦးထိရှိနေပြီး ၂၀၂၀ ပြည့်နှစ်ကထက် ၉၆ ဦးပိုမိုများပြားနေပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာလုံးအတိုင်းအတာနဲ့ ကွပ်မျက်မှုနှုန်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ အီရန်၊ အီဂျစ်နဲ့ ဆော်ဒီအာရေဗျတို့မှာဖြစ်ပြီး အီရန်မှာ ၃၁၄ ဦးကွပ်မျက်ခံခဲ့ရကာ ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပါတယ်။

ဒုတိယနေရာမှာတော့ အီဂျစ်က ၈၃ ဦး၊ ဆော်ဒီအာရေဗျမှာ ၆၅ ဦးနဲ့ တတိယနေရာ ၊ ဆီးရီးယားကတော့၂၄ ဦးနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ ကွပ်မျက်ခံရသူ ၅၇၉ ဦးထဲမှာ အမျိုးသမီး ၂၄ ဦးပါ၀င်နေပြီး အီရန်မှာ ၁၄ ဦး၊ အီဂျစ်မှာ ရှစ်ဦး၊ ဆော်ဒီအာရေဗျမှာ တဦးနဲ့ အမေရိကန်မှာ တဦးတို့ဖြစ်ပါတယ်။

ဒါပေမယ့် တကမ္ဘာလုံးအတိုင်းအတာနဲ့ သေဒဏ်ပေးကွပ်မျက်မှု ကိန်းဂဏန်းတွေမှာ သေဒဏ်ပေးမှု အများဆုံးလို့ ယူဆရတဲ့ တရုတ်၊ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေမပါသေးပါဘူး။ ဒီနိုင်ငံတွေဟာ သေဒဏ်ပေးတဲ့ အချက်အလက်တွေကို များသောအားဖြင့် ထုတ်ဖော်ပြောဆိုလေ့မရှိပေမယ့် ကွပ်မျက်မှုနှုန်း အမြင့်ဆုံး ရှိနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုပါတယ်။

အမေရိကန်မှာတော့ ကွပ်မျက်နှုန်းဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ၁၁ ဦးရှိပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ပါတယ်။ ဒါကလည်း သမ္မတဟောင်းဒေါ်နယ်ထရန့်လက်ထက်က အငြင်းပွားဖွယ် သေဒဏ်ချမှတ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖက်ဒရယ် အစိုးရဲ့ကွပ်မျက်မှုအားလုံးကို ယာယီဆိုင်းငံ့ခဲ့လို့လည်းဖြစ်ပါတယ်။

ဗာဂျီးနီးယားပြည်နယ်ဟာလည်း ၂၀၂၁ ခုနှစ်အတွင်းမှာ သေဒဏ်ပေးမှုဖျက်သိမ်းလိုက်တဲ့ ၂၃ ခုမြောက် အမေရိကန်ပြည်နယ်ဖြစ်လာပါတယ်။ အခြားပြည်နယ်သုံးခုဖြစ်တဲ့ ကယ်လီဖိုးနီးယား၊ အော်ရီဂွန်နဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်တို့ကလည်း သေဒဏ်ပေးမှုကို ဆိုင်းငံ့ထားပြီး ဥပဒေကြောင်းအရ တရား၀င်နေပေမယ့် မကျင့်သုံးတော့တဲ့သဘောဖြစ်ပါတယ်။

သေဒဏ်ပေးမှုနဲ့ ကွပ်မျက်မှုတွေကို ဖျက်သိမ်းဖို့ ကမ္ဘာ့နိုင်ငံအများစုရဲ့ သဘောထား ရပ်တည်ချက်ဟာ အမှားအယွင်းရှိမနေပေမယ့် ၂၀၂၁ ခုနှစ်အတွင်း မြင့်တက်ခဲ့တဲ့ သေဒဏ်ပေးကွပ်မျက်မှုတွေက ဒီကိစ္စအပေါ် ဖိအားပေးမှုတွေ လျော့ပါးမသွားဖို့ သတိပေးခေါင်းလောင်းသံပဲလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သတိပေးပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း သေဒဏ်ပေးမှုနဲ့ ကွပ်မျက်မှုအပေါ် သဘောထားကွဲလွဲမှု အမျိုးမျိုးကတော့ ကမ္ဘာ့နိုင်ငံတွေအကြားမှာ ရှိနေမြဲ ရှိနေဆဲဖြစ်နေပါတော့တယ်။

Photo: AP/ Getty Images
#voiceofmyanmar #VOM #ကမ္ဘာပေါ်မှာသေဒဏ်ပေးမှုနဲ့ကွပ်မျက်မှု #အများဆုံးနိုင်ငံများ

Related posts

Leave a Comment

VOM News

FREE
VIEW