ပုသိမ်မြို့နယ် လမ်းဘေးက အိမ်နဲ့ဈေးဆိုင်တွေ ဖယ်ရှားခံနေရတာကြောင့် ဒေသခံတွေ အခက်တွေ့နေ

ပုသိမ်၊ ဇွန် ၁၂-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်က လမ်းဘေး ဝဲ၊ယာမှာရှိတဲ့ နေအိမ်တွေ၊ဈေးတွေ၊စားသောက်ဆိုင်တွေကို မနေ့ ဇွန်လ ၁၁ရက်ကနေ ဒီကနေ့အထိ ဖယ်ရှားရှင်းလင်းနေတဲ့အတွက် ရုတ်တရက် ရွှေ့ပြောင်းခံရလို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ နေအိမ်ဖျက်ပေးနေရတဲ့ဒေသခံတွေဆီက သိရပါတယ်။

ပုသိမ်မြို့နယ်က တကောင်းဘုရား၊အုတ်စီကုန်းလမ်းဆုံ၊ ကွမ်းခြံလမ်းဆုံ၊ငါးအောက်ချောင်းတံတားထိပ်၊ မရမ်းချိုလမ်းမကြီး၊ရှင်ပင်ဘုန်းပွင့်လမ်းတလျှောက်၊ပျဉ်းကတိုးကုန်းနဲ့ပေါက်ကုန်းလမ်းတလျှောက်၊ကမ်းနားလမ်းနဲ့ဥမ္မာဒန္တီလမ်းထောင့်ကနေအိမ်တွေ စားသောက်ဆိုင်တွေ၊ဈေးတန်းတွေ၊ကုန်စုံဆိုင်တွေကို ရှင်းလင်းနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

”တကောင်းဘုရား၊အုတ်စီကုန်းလမ်းဆုံ၊ကွမ်းခြံလမ်းဆုံ၊ ငါးအောက်ချောင်းတံတားထိပ်၊မရမ်းချိုလမ်းမကြီးနဲ့ ရှင်ပင်ဘုန်းပွင့်လမ်းတလျှောက်၊ပျဉ်းကတိုးကုန်းနဲ့ ပေါက်ကုန်းလမ်းတလျှောက်၊ကမ်းနားလမ်းနဲ့ဥမ္မာဒန္တီလမ်းထောင့်ကနေအိမ်တွေကိုရှင်းလင်းနေတာပါ။စစ်တပ်၊ရဲတပ်ဖွဲ့နဲ့အဖွဲ့စုံပါတဲ့အဖွဲ့က ရှင်းလင်းနေတာ။
ရုတ်တရက်ချက်ချင်းရွှေ့ပြောင်းနေတော့အခက်အခဲ
အတော်ရှိနေတာ”လို့ နေအိမ်ဖယ်ရှားခံရတဲ့ ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီနေရာတွေမှာရှိတဲ့နေအိမ်တွေ ၊ စားသောက်ဆိုင်တွေ ဈေးတန်းတွေနဲ့ကုန်စုံဆိုင်တွေကို ပုသိမ်မြို့ရဲ့ မြို့တော်အင်္ဂါရပ်နဲ့ညီညွတ်စေရေးအတွက် လမ်းဘေးဝဲယာရှိ လမ်းနယ်နိမိတ်တွေမှာနေထိုင်သူတွေကို တာဝန်ရှိသူတွေပါတဲ့အဖွဲ့က ဖယ်ရှားရှင်းလင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

”ပုသိမ်မြို့ကို မြို့တော်အင်္ဂါရပ်နဲ့ညီညွတ်စေဖို့လုပ်တာ။ တရားမဝင်နေထိုင်တဲ့သူတွေကို ကျူးကျော်တွေကို ဖယ်ရှားတာပါ။လမ်းနယ်နိမိတ်အတွင်းနေသူတွေကို ဖယ်ရှားရှင်းလင်းတာပါ။”လို့ အဲ့ဒီကျူးကျော်ဖယ်ရှားရှင်းလင်းရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

အဲ့ဒီလမ်းတလျှောက်မှာ ဈေးဆိုင်ခန်း၊ အိမ်နဲ့ စားသောက်ဆိုင် စုစုပေါင်း အဆောက်အဦး ၆၀၀၀ ကျော်လောက်ရှိပြီး ဖျက်သိမ်းရွှေ့ပြောင်းမပေးရင်အရေးယူမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပုသိမ်-သာပေါင်း ကားလမ်းကြီးဘေးမှာရှိတဲ့ အိမ်တွေကိုလည်း ဇွန်လ ပထမအပတ်ကနေ စတင်ဖယ်ရှားရှင်းလင်းနေတဲ့အတွက် ဒေသခံတွေအနေနဲ့ အခက်အခဲရှိနေကြတာတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #အိမ်နဲ့ဈေးဆိုင် #ဖယ်ရှားခံရ #ဒေသခံအခက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW