စက်သုံးဆီ ပြတ်လပ်တဲ့ အရောင်းဆိုင်တွေကို အရေးယူမယ်လို့ MPTA အသိပေး

ဇွန် ၁၃-၂၀၂၂
VOM (GG)

စက်သုံးဆီ ပြတ်လပ်ပြီး ပိတ်ထားတဲ့ စက်သုံးဆီအရောင်းဆိုင်တွေကို အရေးယူမယ်လို့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက MPTA က အသိပေးထုတ်ပြန်လိုက်ပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စက်သုံးဆီမပြတ်လပ်အောင် Importer Company တွေ၊ Terminal Company တွေ၊ စက်သုံးဆီဆိုင်တွေနဲ့ SME စက်သုံးဆီဆိုင်​တွေအနေနဲ့ မိမိဆိုင်မှာ စက်သုံးဆီ မပြတ်လပ်အောင် စီမံဆောင်ရွက်ထားဖို့ လိုအပ်ကြောင်း၊ ဆီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်မယ့် အခြေအနေဖြစ်လာရင် အချိန်နဲ့တပြေးညီ တာဝန်ရှိသူတွေထံ တင်ပြရမယ်လို့ ထုတ်ပြန်ထားပါတယ်။

တကယ်လို့ အဲ့ဒီအချက်တွေကို စီမံဆောင်ရွက်ခြင်းမရှိလို့ စက်သုံးဆီပြတ်လတ်ခဲ့ရင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကနေ ထိုက်သင့်တဲ့ အရေးယူခြင်းဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

” ရောင်းချင်လို့မှ ဆိုင်ဖွင့်ထားတာ ဆီလိုသလောက်ရနေရင် ရောင်းမှာပေါ့။ ဆီမရလို့သာ မရောင်းဘဲ ပိတ်ထားရတာ။ ပိတ်ထားတော့လည်း ကျနော်တို့ နေ့တိုင်းဝန်ထမ်းစရိတ်၊အကုန်ကုန်ကျစရိတ်ရှိတယ်။ ဆီရနေရင် မရောင်းဘဲ ရပ်စရာကိုမရှိဘူး ၊ ကျနော်တို့လည်းအခု ဝယ်ရနေသေးလို့ရောင်းနေတာ။မရရင် ရပ်ရမှာပဲ “လို့ ​ပြည်မြို့ စက်သုံးဆီဆိုင်လုပ်ငန်းရှင်တဦးကပြောပါတယ်။

လက်ရှိ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းမှာ စက်သုံးဆီ ခွဲတမ်းမရရှိလို့ ဆီရောင်းချတာကို ယာယီရပ်ထားရတဲ့ စက်သုံးဆီဆိုင်တွေ ရှိနေပါသေးတယ်။

ဒီနေ့ ဇွန်လ ၁၃ ရက်နေ့ မှာဆိုရင် 92 တလီတာကို လက်လီရောင်းချမှုက၂၈၀၀ ကျပ်အထိရှိနေပြီး စက်သုံးဆီအရောင်းဆိုင်ကြီးတွေမှာတော့ ၂၃၅၅ ကျပ် ၂၄၀၀ နီးပါးအထိ ရှိနေပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့ ပြည်နယ် နဲ့ တိုင်းအသီးသီးက လက်လီအရောင်းဆိုင်တွေမှာပါ စက်သုံးဆီပြတ်လပ်မှုမရှိအောင်နဲ့ လိုအပ်တဲ့ စက်သုံးဆီကို ပြန်လည်ဖြည့်ဆည်းနိုင်ရေးကိုပါ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး နိုင်ငံအတွက် အခွန်အခရရှိအောင် ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ တင်သွင်းခွင့်လိုင်စင်တွေ စိစစ်ခွင့်ပြုခြင်း၊ နိုင်ငံခြားငွေ ဝယ်ယူခွင့်ရရှိစေရေး စိစစ်တင်ပြခြင်း၊ တင်သွင်းစက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချမှုကို ကြပ်မတ်ဆောင်ရွက်ခြင်း၊ အရည်အသွေးမှန်ကန်မှုရှိစေဖို့ စိစစ်ကြပ်မတ်ခြင်း၊ ဈေးကွက်အတွင်း ဈေးကစား လိုတဲ့ လုပ်ဆောင်မှုတွေနဲ့ မသမာတဲ့ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း၊ ရောနှောရောင်းချခြင်း တွေကိုပါ အရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #စက်သုံးဆီ #ပြတ်လပ်တဲ့အရောင်းဆိုင်တွေကို #အရေးယူမယ် #MPTAအသိပေး

Related posts

Leave a Comment

VOM News

FREE
VIEW