တနှစ်ကျော်ကာလအတွင်း တနိုင်ငံလုံးမှာ ဆရာ၊ဆရာမ ၄၀ ဦး သတ်ဖြတ်ခံရတယ်လို့ နစက ထုတ်ပြန်

ဇွန် ၁၂-၂၀၂၂
VOM (GG)

နစက တက်လာတဲ့၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ၂၀၂၂ ခု မေလ ၂၇ ရက်​နေ့အထိ တနှစ်ကျော်ကာလအတွင်း သတ်​ဖြတ်ခံရတဲ့ ဆရာ၊ဆရာမ ၄၀ ဦးရှိတယ်လို့ နစက က ထုတ်ပြန်ထားပါတယ်။

” ပြီးခဲ့တဲ့ရက်က မုံရွာက ဆရာမတဦး လမ်းဘေးမှာပစ်သတ်ခံရတယ်၊ နောက်ပြီး ပုလောမှာလည်း စာသင်နေရင်းပစ်ခံရတယ်လို့ သတင်းတွေဖတ်ရတယ်။ CDM မလုပ်လို့ ပစ်သတ်တာကို လက်မခံသလို CDM လုပ်လို့ဖမ်းတာကိုလည်း ကျနော်တို့ လက်မခံဘူး။ လူတိုင်းမှာသူ့အခက်အခဲနဲ့သူရှိပါတယ်။ သေသွားတဲ့ဆရာ၊ဆရာမတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်”လို့ မူလတန်းပြကျောင်းဆရာတဦးကပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ ဆရာ၊ဆရာမတွေထဲမှာ စစ်ကိုင်းတိုင်းက ဆရာ၊ဆရာမ ၁၈ ဦး အများဆုံး သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး မကွေးတိုင်းက ဒုတိယအများဆုံးအ​ဖြစ် ဆရာ၊ဆရာမ ၁၁ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ နစကရဲ့ ထုတ်ပြန်ချင်အရ သိရပါတယ်။

မန္တလေးတိုင်းက ဆရာ၊ဆရာမ ၇ ဦး၊ရန်ကုန်တိုင်းက ဆရာ၊ဆရာမ ၂ ဦး၊ပဲခူးတိုင်းက ဆရာ၊ဆရာမ ၁ ဦးနဲ့ ​မွန်ပြည်နယ်က ဆရာ၊ဆရာမ ၁ ဦး တို့ဖြစ်ပါတယ်။

နောက်ပြီး စစ်ကိုင်း၊ပဲခူး နဲ့မကွေးတိုင်းက ဆရာ၊ဆရာမတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်း တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမ ၁၁ ဦးလည်း ပျောက်ဆုံးနေလို့ ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် လ ၉ ရက်နေ့ ညပိုင်းကလည်း တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းက မူလတန်းပြ ကျောင်းဆရာဖြစ်တဲ့ ဦးချိန်မင်း ၃၀ နှစ်ကို သူရဲ့နေအိမ်မှာ မူလတန်းကလေး​ တွေကို စာသင်ကြားပေးနေစဉ် အမျိုးသား၂ဦးက အိမ်ပေါ်တက်လာပြီး သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဆရာဆရာမ #တနှစ်ကျော်ကာလ #၄၀ဦးသတ်ဖြတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW