ပြည်တွင်း စားအုန်းဆီစျေး ၉၀၀၀ အထိ စံချိန်တင်မြင့်တက်လို့ စားသုံးသူတွေ အခက်တွေ့

ဇွန် ၁၃-၂၀၂၂
VOM (GG)

ပြည်တွင်းစားသုံးဆီစျေး လက်လီ တပိသာကို ၉၀၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်သွားတာကြောင့် စားသုံးသူတွေ အခက်တွေ့နေရတယ်လို့ စားသုံးသူတွေဆီကသိရပါတယ်။

” ပြီးခဲ့တဲ့ရက်က တစ်ဆယ်သားကို ၈၀၀ လောက်ကနေ ခုဒီနေ့ ၉၀၀ ဖြစ်သွားပြီ။ ထပ်တက်အုံးမယ်လို့လည်းစျေးဆိုင်ကတော့ပြောတာပဲ။ မတတ်နိုင်ဘူး တက်တော့လည်း ဒီဆီပဲ ရှိတယ်။ ဘယ်လိုလုပ်မလဲ ဆီမပါဘဲ ဟင်းချက်လို့မှမတတ်တာ”လို့ စားသုံးသူပြည်သူတဦးကပြောပါတယ်။

အင်ဒိုနီးရှားနိင်ငံက သူတို့ ပြည်တွင်းမှာ ဆီစျေးကျဆင်းဖို့နဲ့ လိုအပ်ချက် မြင့်မားလာခြင်းအပါအဝင် ဆီ စားသုံးမှု ဖူလုံဖို့အတွက် ပြည်ပနိုင်ငံကို ဟင်းချက်ဆီနဲ့ ကုန်ကြမ်းတွေကို ရောင်းချမှုရပ်ဆိုင်းပြီးနောက် မြန်မာနိုင်ငံမှာ စားသုံးဆီစျေး တရိပ်ရိပ်တက်လာရာကနေ အခုလို ၉၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပါတယ်။

နောက်ပြီး စားသုံးဆီ ဝယ်လိုအားနဲ့ရောင်းလိုအား မမျှတတာကြောင့်လည်း ဆီရောင်းချသူတွေက စျေးမြင့်တက်ရောင်းချနေကြတာဖြစ်တယ်လို့ သိရပါတယ်။

” အင်ဒိုက ပါမစ် ၁လပိတ်လိုက်တာ အခုပြန်ဖွင့်ပေးလိုက်ပြီ၊ဖွင့်လိုက်တော့ ဝယ်ဖို့တန်းစီနေတယ်။ကိုယ်လိုချင်တာ ချက်ခြင်းတန်းသွင်းမရဘူး တန်းစီနေရတယ်။မလေးကနေ လှည့်သွင်းပေမယ့်လည်း အင်ဒိုလို မမြန်ဘူး။ကြာတယ်။သင်္ဘောတစီးလာဖို့ကို ၁လ ၊၁လခွဲလောက်ကြာတယ်။ဆီက ဝယ်လိုအားနဲ့ရောင်းလိုအားမမျှရင် စျေးကွက်တင်ရောင်းတာ အောက်ကကုန်သည်တွေရဲ့သဘာဝလို့၊ပစ္စည်းလက်ကျန်မရှိတဲ့ပေါ်မှာမူတည်ပြီးတော့ စျေးကတက်သွားတာ၊တကယ့်ရောင်းပေးတဲ့ရည်ညွန်းစျေးက ၅၆၇၀ ၅၇၀၀ ၅၈၀၀ ထက် မပိုဘူး။အလုံး၁၀၀ လိုချင်တဲ့သူက ၁၀ လုံးပဲရတာမျိုး၊အဆင့်ဆင့်ခွဲပေးတော့အောက်ခြေမှာ အဆင့်ဆင့်ပြီးတော့ စျေးကမြောက်သွားတာပေါ့။ “လို့ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင်တဦးကပြောပါတယ်။

လက်ရှိမှာတော့ အင်ဒိုနီးရှားဘက်က ပါမစ်ပြန်ဖွင့်လိုက်လို့ မြန်မာနိုင်ငံအနေနဲ့လည်း စားအုန်းဆီဝယ်ယူဖို့စောင့်ဆိုင်းနေတယ်လို့ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းကသိရပါတယ်။

စားသုံးဆီဟာဆိုရင် အရင်က တပိသာကို ၁၈၀၀ ကျပ်သာရှိပြီး အခုဆ်ိုရင် ၉၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်နေတာဖြစ်ပါတယ်။

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကတော့ ဇွန်လ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့ အထိ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကား ရည်ညွှန်းဈေးကတော့ တပိဿာကို ၅၆၄၅ကျပ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ဆီဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း အပါအဝင် မသမာတဲ့နည်းနဲ့လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမယ်လို့ပြောဆိုထားပေမယ့် စျေးကစားဖို့အတွက် ဆီကိုမရှိဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #စားသုံးဆီဈေး #စံချိန်တင်မြင့်တက် #အခက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW