ဧရာဝတီတိုင်းက စပါးခင်းတွေမှာ ရွှေခရုကျရောက်ပြီး ဧက ထောင်နဲ့ချီပျက်စီးသွားလို့ အခက်အခဲဖြစ်နေ

ပုသိမ်၊ဇွန်လ ၁၃-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းအတွင်း အခုနှစ်မိုးစပါးစိုက်ရာသီမှာ စိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေထဲကို ရွှေခရုတွေကျရောက်ပြီး စပါးဧက ထောင်နဲ့ချီ ပျက်စီးသွားတဲ့အတွက် တောင်သူတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ စပါးစိုက်ပျိုးရာသီအစပိုင်း ကျရောက်လေ့ရှိတဲ့ ရွှေခရုတွေကို ကြိုတင်ကာကွယ်နှိမ့်နင်းဖို့တောင်သူတွေက ငွေကြေးအလုံအလောက်မသုံးစွဲနိုင် တဲ့အတွက် ပျက်စီးနှုန်းပိုမြင့်နေတာဖြစ်တယ်လို့သိရပါတယ်။

စပါးပင်တွေကို ရွှေခရုတွေကျရောက်ဖျက်စီးနေတာနဲ့ ပတ်သက်လို့ ဝါးခယ်မမြို့နယ်ရှိ တောင်သူတဦက“လုံးဝပြန်မရတဲ့အခြေအနေအထိ ပျက်စီးသွားတာပါ။စပါးအပင်တွေက ငုတ်ကလေးတွေပဲ ကျန်တော့တယ်။အသစ်ပြန်စိုက်ဖို့ စရိတ်လည်းမရှိ စရိတ်ရှိတော့လည်းနောက်ကျသွားပြီ။မရှိမဲ့ ရှိမဲ့လေးစိုက်ထားတာ အခုတော့ အခက်အခဲရှိနေပြီ။”လို့ ပြောပါတယ်။

အဲ့ဒီရွှေခရုတွေဟာ ဧရာဝတီတိုင်းအတွင်းရှိ ဝါးခယ်မ၊ ညောင်တုန်း၊မအူပင်၊အိမ်မဲ၊ပန်းတနော်၊မြောင်းမြစတဲ့ မြို့နယ်တွေက တောင်သူတွေစိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေမှာ အများဆုံးကျရောက်နေတာဖြစ်ပြီး ဧရာဝတီတိုင်းတတိုင်းလုံးမှာ စပါးဧက ထောင်နဲ့ချီပျက်စီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

”ရွှေခရုကိုကာကွယ်ဖို့အတွက် နည်းပညာတွေပေးထားတယ်။ကျယ်ကျယ်ပြန့်ပြန့် နည်းပညာပေးနိုင်ဖို့လည်းလုပ် နေတယ်။တောင်သူတွေက အနီးကပ်စပါးခင်းတွေဆီမှာရှိနေတာမို့ သေသေချာချာညွန်ကြားချက်တွေအတိုင်း ဆောင်ရွက်ဖို့လိုလိမ့်မယ်။” စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဧရာဝတီတိုင်းရှိ ကန်ကြီးထောင့်၊ပန်းတနော်၊ဝါးခယ်မ၊ကျုံကျော်၊ပုသိမ်၊မြောင်းမြ၊ဖျာပုံစတဲ့ဒေသက တောင်သူတွေစိုက်ထားတဲ့စပါးခင်းတွေမှာလည်း အခုလ ဒုတိယအပတ်ကနေစတင်ပြီး ရွှေခရုတွေကျရောက် နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ မနှစ်က မိုးစပါးစိုက်ပျိုးရာသီမှာလည်း ရွှေခရုတွေကျရောက်လို့ တောင်သူတွေရဲ့စပါးဧက ၇၀၀၀ ကျော်လောက် လုံးဝပျက်စီးခဲ့ရသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #စပါးစိုက်ခင်း #ရွှေခရု #ထောင်နဲ့ချီပျက်စီး

Related posts

Leave a Comment

VOM News

FREE
VIEW