ALP ဒုဥက္ကဌ နဲ့ နစကဥက္ကဌ နေပြည်တော်မှာတွေ့ဆုံ

ဇွန် ၁၃-၂၀၂၂
SW+KT(VOM)

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယ ဥက္ကဌ ဒေါ်စောမြရာဇာလင်းနဲ့ နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်မယ့် အခြေအနေတွေ၊ ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး သဘောထားတူညီချက်အမြင်တွေကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့ နစကဖက်က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အနေနဲ့လည်း လက်ရှိ ရခိုင်ပြည်အခြေအနေနဲ့ ပြည်ထောင်စုအရေးတို့ကို ဆွေးနွေးတင်ပြခဲ့တယ်လို့ ALP ပြောခွင့်ရ ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောပါတယ်။

ဆွေးနွေးပွဲ အကြောင်းအရာနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီး ခိုင်စိုးမြက “စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် လက်ရှိ ဗမာပြည်မှာ ငြိမ်းချမ်းမှုမရှိတဲ့အတွက် ငြိမ်းချမ်းရေးကို ပြည်လည်တည်ဆောက်ဖို့အပိုင်း၊ ယုံကြည်မှုအားနည်းနေတာတွေကို ပြန်လည်တည်ဆောက်ပြီးတော့ ပြည်ထောင်စုကို ရောက်အောင်ချီတက်ကြမယ်ဆိုတဲ့ အပိုင်းကို ဆွေးနွေးဖြစ်တယ်။ နောက်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို လက်ရှိ တာဝန်ရှိတဲ့သူတွေအနေနဲ့ လုပ်ပေးဖို့ပေါ့ အဓိက အဲဒီအပိုင်းတွေကို ဆွေးနွေးဖြစ်တယ်”လို့ ပြောပါတယ်။

နစက ကောင်စီဖက်ကလည်း ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနောက်ကျနေတာတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့တင်ပြချက်တွေကို လက်ခံကြောင်းနဲ့ လုပ်ဆောင်နိုင်သလောက်ကို အစွမ်းကုန် လုပ်ပေးသွားမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောပါတယ်။

ALP ဟာ မနက်ဖန် ဇွန်လ ၁၄ ရက်နေ့မှာလည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိသေးတယ်လို့ သိရပါတယ်။

“ ဖွဲ့စည်းပုံပြင်ဆင်ရေးအပိုင်းတွေကတော့ မနက်ဖန်မှပဲ ဗိုလ်ချုပ်ရာပြည့်နဲ့တွေ့တဲ့အခါမှာ ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒီနေ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့တာကတော့ အဓိကအားဖြင့် ရှေ့ဆက်ပြီး ဘယ်လိုအလုပ်လုပ်မလဲ ဆိုတာ ဆွေးနွေးတာဖြစ်ပါတယ်” လို့ ALP ပြောခွင့်ရ ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးရာမှာ ပြည်နယ်တွင်း စစ်ဘေးရှောင်တွေရဲ့ အခက်အခဲလိုအပ်ချက်တွေကိုလည်း ဆွေးနွေ့ခဲ့ပြီး နစက ကောင်စီအစိုးရအနေနဲ့ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကိုပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးမှုဟာ အပြုသဘောဆောင်ပေမယ့် ရှေ့ဆက်ပြီး ဆက်လက်ဆွေးနွေးအကောင်အထည်ဖော်တဲ့အပိုင်းတွေမှာ ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ မပြောနိုင်သေးဘူးလို့ ALP က ပြောပါတယ်။

နစကကောင်စီဖက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရောက်မလာသေးတဲ့ NCA လက်မှတ်ထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NCA မထိုးထားတဲ့ အဖွဲ့တွေကို တိုင်းပြည်အကျိုးနဲ့ ဒေသအကျိုးကို ကြည့်ပြီး ဆန္ဒရှိမယ်ဆိုရင် အရင် ဖိတ်ခေါ် ကမ်းလှမ်းချက်များအတိုင်း ထပ်မံဖိတ်ခေါ်တဲ့ အခြေအနေကို နစက ကောင်စီဥက္ကဌ တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တယ်လို့လည်း နစကရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို ရခိုင်ပြည်လွှတ်မြောက်ရေးပါတီဖက်က ဒုတိယဥက္ကဌ ဒေါ်စောမြရာဇာလင်း၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီး ခိုင်စိုးမြ၊ ခိုင်ပေါ်လင်းတို့ တက်ရောက်ကြပြီး နစက ဖက်က ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ALP #နစက #တွေ့ဆုံဆွေးနွေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW