တပ်မတော်က အာဏာရယူပြီးနောက် ၂၀၂၁ ခုနှစ်မှာ အလုပ်အကိုင်ဆုံးရှုံးမှု ၁.၆ သန်းခန့်ရှိတယ်လို့ ILO ခန့်မှန်းထား

ဇွန် ၁၅-၂၀၂၂
Voice Of Myanmar

ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါဆိုးကြီးအပြင် တပ်မတော်က အာဏာရယူခဲ့ခြင်းနဲ့ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခြင်း ကဲ့သို့သော အဖက်ဖက်မှ သက်ရောက်မှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ အလုပ်အကိုင်ဆုံးရှုံးမှု ၁.၆ သန်းခန့်ရှိတယ်လို့ ခန့်မှန်းရပြီး မိသားစုရှိတဲ့ ကလေးများ၊ ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်လာရမှု ပိုမိုများပြားလာနိုင်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရလျက်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သားရေးရာအဖွဲ့ ILO ကနေ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့ ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။

“မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေနဲ့ ဆိုးရွားတဲ့ မြန်မာ့စီးပွားရေးကြောင့် မိသားစုအမြောက်အမြားဟာ ဆင်းရဲ၊ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်လာနေရပါတယ်။

ဒီလိုအကျပ်အတည်းကာလလိုမျိုးမှာ ကလေးအလုပ်သမားအဖြစ်ကနေ နည်းလမ်းမျိုးစုံနဲ့ ကာကွယ်၊ တားဆီးဖို့အတွက် လူမှုအကာအကွယ်ပေးရေး အစီအစဥ်တွေကို ပါဝင်ပတ်သက်သူတွေအားလုံး ဒီထက်ပိုပြီး အတူတူကြိုးပမ်းအားစိုက် လုပ်ဆောင်ဖို့လိုအပ်ပါတယ်”လို့ အိုင်အယ်လ်အိုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်/ဆက်သွယ်ညှိနှိုင်းရေး အရာရှိ Mr Donglin Li က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အသက် (၅) နှစ်နဲ့ (၁၇) နှစ်ကြားရှိ ၁၂ သန်းခန့်သော ကလေးတွေအနေနဲ့ ၁၀ ဦးလျှင် ၁ ဦးနှုန်းမှာ ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရပြီး၊ မကြာခဏ ဘေးအန္တရာယ်ရှိသော လုပ်ငန်းများနဲ့ အသက်အန္တရာယ်ရှိသော လုပ်ငန်းတွေမှာ စွန့်စားလုပ်ကိုင်နေရတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဉ္စမအကြိမ်မြောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကမ္ဘာ့ညီလာခံ အပြီးမှာ ဘက်ပေါင်းစုံကနေ ပါဝင်ပတ်သက်သူတွေက အဆိုးဝါးဆုံးသောပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားတွေကို အဓိကထားပြီး ကလေးအလုပ်သမားများ ပပျောက်ရေးနှင့်ကာကွယ်တားဆီးရေးတို့အတွက် အရှိန်မြှင့်ပိုမိုလုပ်ဆောင်ဖို့ အိုင်အယ်လ်အိုမြန်မာက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ယခင်လမှာ စတင်ကျင့်သုံးခဲ့တဲ့ Durban Call to Action ဒါဘန်လှုံ့ဆော်ချက်အရ အိုင်အယ်လ်အိုမြန်မာက သူတို့ရဲ့ ကတိကဝတ်ဖြစ်သော လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်သည့် အနိမ့်ဆုံးအသက်နှင့်အထက်ရှိသည့် အရွယ်ရောက်ပြီးသူ နဲ့ လူငယ်လူရွယ်တွေအတွက် သင့်တင့်ကောင်းမွန်သော အလုပ်အကိုင်ဖြစ်စေရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

အိုင်အယ်လ်အိုရဲ့ လတ်တလောထွက်ရှိထားတဲ့ အစီရင်ခံစာအရ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားရတဲ့ နိုင်ငံတွေမှာ ကလေးအလုပ်သမားနှုန်းဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းများထက် ၇၇ ရာခိုင်နှုန်း၊ ဘေးအန္တရာယ်ရှိသောအလုပ်မှ ကလေးအလုပ်သမားနှုန်းသည် ၅၀ ရာခိုင်နှုန်း ပိုမိုများပြားနေတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေတွေကြောင့် မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း အထက်ပါအချက်က ညွှန်ပြနေပါတယ်။

ယခုနှစ် ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ကလေးအလုပ်သမားပပျောက်ရေး လူမှုအကာအကွယ်ပံ့ပိုးပေး” ဆိုသည်နှင့်အညီ အိုင်အယ်လ်လိုမြန်မာက ဒေသခံအဖွဲ့ အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုမိတ်ဖက်အဖွဲ့အစည်းများကို သင်တန်းများ၊ အသိပညာပေးမြှင့်တင်သည့် လှုပ်ရှားဆောင်ရွက်မှုများကို လတ်တလော မိတ်ဆက်ထားသည့် e-learning programme နှင့် အခြားစိတ်ဝင်စားဖွယ် လှုပ်ရှားမှုများကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ILO #ကလေးအလုပ်သမား

Related posts

Leave a Comment

VOM News

FREE
VIEW