ပဲခူးမှာ မိုးရွာနေချိန် လယ်ထွန်တဲ့ တောင်သူ ၁ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ဇွန် ၊ ၁၄-၂၀၂၂
SP (VOM)

ပဲခူးတိုင်း ၊ ပဲခူးမြို့နယ် ၊ တောင်သူစုကျေးရွာက လယ်ကွင်းထဲမှာ မနေ့ ဇွန် ၁၃ ရက် ညနေ ၃ နာရီ ဝန်းကျင်အချိန်က မိုးရွာနေတုန်း လယ်ထွန်တဲ့ တောင်သူတဦး မိုးကြိုးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းဆီက သိရပါတယ်။

” မိုးကြိုးထိမှန် သေဆုံးသူက တောင်သူစုရွာက ဦးချစ်ကိုကို အသက် ၄၂ နှစ်ဝန်းကျင်အရွယ်ဖြစ်တယ် ၊ မိုးရွာထဲ လယ်ထွန်းရင်းဖြစ်တာပါ “လို့ ကလျာဏမိတ္တ အခမဲ့စုပေါင်းလူမှုကူညီရေးအသင်းဝင် တယောက်က ပြောပါတယ်။

အဲ့ဒီ သေဆုံးသူ ရုပ်အလောင်းကို ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံးကြီးဆီ ပို့ဆောင်စစ်ဆေးပြီး ရဲတပ်ဖွဲ့က သေမှုသေခင်း ဖွင့်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ နဲ့ မေ ၂ လအတွင်း မိုးကြိုးပစ်ခတ်မှုဖြစ်စဥ် ၃၂ ကြိမ်ရှိခဲ့ပြီး၊သေဆုံးသူ ၃၄ ယောက်နဲ့ ဒဏ်ရာရသူ ၉ ယောက်ရှိခဲ့တယ်လို့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

သဘာဝဘေးအန္တရာယ်(မိုးကြိုး)ကြောင့် သေဆုံးခဲါတဲ့သူတွေကို ငွေကျပ် ၃ သိန်း ၊ ဒဏ်ရာရတဲ့သူတွေကို ၅ သောင်းနူန်းနဲ့ နိုင်ငံတော်က ကူညီထောက်ပံမှုတွေ ပေးနေပြီး အဲ့ဒီလို ကူညီပေးရတဲ့ ငွေပေါင်းဟာ ၁ နှစ်အတွင်း ကျပ် သိန်း ၂ ရာနဲ့ ၅ ရာကြားမှာ ရှိတယ်လို့ သိရပါတယ်။

မိုးကြိုးဘေး အန္တရာယ်က ရှောင်ရှားဖို့၊ မိုးရွာနေတုန်း လယ်ကွင်းပြင်တွေမှာ လယ်ထွန်တာ ၊ ကောက်စိုက်တာ ၊ ပျိုးနူတ်တာတွေ မပြုလုပ်ကြဖို့ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီက အသိပညာပေးထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #လယ်ထွန်တောင်သူ #မိုးကြိုးပစ်ခံရ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW