မြေပုံမြို့နယ်မှာ မျှစ်သွားချိုးတဲ့ စစ်ဘေးရှောင် ၁ ဦး မိုင်းနင်းမိပြီးသေဆုံး

ဇွန် ၁၄- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ ဒီကနေ့ ဇွန်လ ၁၄ရက် မနက်၁၀ နာရီခန့်က မျှစ်သွားချိုးတဲ့ စစ်ဘေးရှောင်အမျိုးသား(၂)ဦး မိုင်းနင်းမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး တဦးသေဆုံးကာ တဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

သေဆုံးဒဏ်ရာရရှိတဲ့ စစ်ဘေးရှောင်တွေဟာ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းကဖြစ်ပြီး စားရေးသောက်ရေးမပြေလည်တာကြောင့် စညှင်းချောင်းအထက်ပိုင်းရှိ တောင်တွေပေါ်မှာ မျှစ်သွားချိုးစဉ် မိုင်းနင်းမိတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း အရေးပေါ်လူနာတွေကို ကူညီပို့ဆောင်ပေးနေတဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌကိုမင်းထည်ဝါက “ ကျနော်တို့ ဒီက လူနာတင်ယာဉ်တွေနဲ့ သွားယူတာ မင်းပြားကိုရောက်တာနဲ့ တစ်ယောက်ဆုံးသွားပြီလို့ သိလိုက်ရတယ်။ ဒါကြောင့် ပြန်လှည့်လာရတယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာသိပ်မပြင်းထန်ဘူးလို့ သိရတယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် (၃၅)နှစ်အရွယ် ဦးမောင်သန်းတင် ဆိုသူဖြစ်ပြီး ခြေထောက်တစ်ဖက်ပြတ်ထွက်ဒဏ်ရရာရရှိကာ စစ်တွေဆေးရုံသို့ ပို့ဆောင်ဖို့ပြင်ဆင်နေစဉ် မိုင်းပေါက်ကွဲတဲ့နေရာမှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူဟာ ဦးမောင်ကြည်ဝင်း အသက် (၂၉) နှစ်ဖြစ်ပြီး ညာလက်မောင်းရင်း နဲ့ ဝမ်းဗိုက်အနီး မိုင်းစထိမှန် ဒဏ်ရာတွေရရှိခဲ့တာကြောင့် စညှင်းကျေးရွာ ကျန်းမာရေးဌာနမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းမှာ ၂၀၂၀ ဒီဇင်ဘာလကုန်ပိုင်းအထိ အိမ်ထောင်စု (၁၅၆) စု၊ လူဦးရေ (၅၀၀) ကျော်ရှိခဲ့ပြီး လက်ရှိမှာ နေရပ်ပြန်သွားတဲ့ မိသားစုတချို့ ရှိတယ်လို့ မြေပုံနဲ့ မင်းပြားမြို့နယ်အတွင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေတဲ့ ကိုရွှေစိုးက ပြောပါတယ်။

စညှင်းစစ်ဘေးရှောင်စခန်းဟာ စညှင်းကျေးရွာအနီး စစ်တွေ- ရန်ကုန် ကားလမ်းဘေးမှာတည်ရှိပြီး စစ်ဘေးရှောင်နဲ့ ရွာသားတွေဟာ ဟင်းရှာသွားချိန် မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေဟာ အရင်ကလည်း ရှိခဲ့ဖူးကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇွန်၁၇ ရက်နေ့က စညှင်းကျေးရွာသူ မနန်းခမ်း (၂၀) နှစ်မှာ မြေမြုပ်မိုင်း နင်းမိတာကြောင့် ညာဘက်ခြေထောက်ပြတ်သွားတဲ့အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။

အဲဒီဒေသက ပြည်သူတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကိုရွှေစိုးပြောတာက “ ကျနော်တို့ ဒေသခံတွေရော၊ စစ်ဘေးရှောင်တွေရော အဲဒီ တောတောင်တွေကို မှီခိုပြီး လုပ်ကိုင်စားသောက်နေရတာ။ အခုလို မိုင်းပေါက်ကွဲမှုတွေကြောင့် တောတောင်တွေကို မတက်ရဲတဲ့သူတွေရှိတယ်။ ဒါပေမယ့် စားဝတ်နေရေးကျပ်တည်းလာချိန်မှာတော့ ဘယ်သူမှ အငတ်မခံနိုင်ဘူး။ ဒီလိုပဲ အကြောက်တရားတွေနဲ့ ဝမ်းရေးအတွက် အသက်စွန့်သွားလာနေကြတယ် ”လို့ ပြောပါတယ်။

မြေမြုပ်မိုင်းတွေဟာ ဘယ်အဖွဲ့က ထောင်တယ်ဆိုတာကို အတိအကျမပြောနိုင်ပေမယ့် အရင်က အဲဒီ စညှင်းကျေးရွာဖက်တွေမှာ တပ်မတော်နဲ့ အေအေတို့ စစ်ရေးပဋိပက္ခတွေဖြစ်ခဲ့ဖူးပြီး လက်ရှိမှာလည်း နှစ်ဖက် လှုပ်ရှားမှုတွေရှိတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေဟာ နေ့စဉ်ဘဝအတွက် ရုန်းကန်နေရချိန်မှာ မြေမြုပ်မိုင်းအန္တရာယ်ဟာ ခြိမ်းခြောက်မှုတခုဖြစ်နေပြီး မြေမြုပ်မိုင်းတွေကို ထောင်ထားတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ရှင်းလင်းပေးစေလိုတယ်လို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ အတွင်းက မိုင်းပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး သုံးကြိမ်လုံးမှာ လူသေဆုံးမှုရှိခဲ့ပါတယ်။

မေလအတွင်း မိုင်းပေါက်ကွဲမှုတွေကတော့ မေလ ၁၄ ရက်နေ့မှာ အမ်းမြို့နယ်အတွင်းတစ်ကြိမ်၊ မေလ ၁၅ ရက်နေ့မှာ မင်းပြားမြို့နယ်မှာ တစ်ကြိမ်နဲ့ မေလ ၃၀ ရက်နေ့က ကျောက်တော်မြို့နယ်တို့ မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မေလ ၁၄ ရက်နေ့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကတော့ အမ်းမြို့နယ် ဒါးလက်ချောင်းကျေးရွာအုပ်စု၊ ဒါးလက်မြောက်ကျေးရွာအနီး ရွာသားတစ်ဦး သီဟို၌စိုက်ခင်းအတွင်း သီဟို၌စေ့ကောက်နေစဉ် မြေမြုပ်မိုင်းနင်းမိရာက ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံတဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

မေလ ၁၅ ရက်နေ့ မင်းပြားမြို့နယ် မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာတော့ ပန်းမြောင်းတိုက်နယ် ဒေသခံတဦးဖြစ်တဲ့ ဦးမောင်သာထွန်း (၆၀)နှစ်ဟာ ထင်းခွေသွားစဉ် မိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခြေထောက်နှစ်ဖက်လုံးပြတ်ကာ နေရာမှာပင်သေဆုံးသွားတယ်လို့ သိရပါတယ်။

မေလ ၃၀ ရက်နေ့က ကျောက်တော်မြို့နယ် ရုပ်ဝကျေးရွာမှာ အသက် (၇၅) နှစ်အရွယ် အဘွားအိုတစ်ဦး ရွာအနီးက တောင်ပေါ်သို့ ဟင်းရှာသွားစဉ် မိုင်းနင်းမိရာက ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်တွေကလည်း မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေရှိခဲ့ပြီး မိုင်းပေါက်ကွဲမှုအကြိမ်ရေ ၂၀၀ ထက်မနည်းရှိကာ သေဆုံးသူ (၅၀) ကျော်နဲ့ ဒဏ်ရာရရှိသူ (၉၀) နီးပါးရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မြေပုံ #မိုင်းနင်းမိ #စစ်ရှောင်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW