ဝက်လက်မှာ အသက် ၇၀ ကျော် အဖွား ၁ ဦးရဲ့ နေအိမ် ဓားပြတိုက်ခံရ

ဇွန် ၁၅-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက် မြို့နယ် ၊ ညောင်ပင်ကြီးတောကျေးရွာမှာ မနေ့ ဇွန် ၁၄ ရက် မနက်ပိုင်းက အသက် ၇၀ ကျော် အဘွားတဦး နေအိမ်အတွင်းမှာ ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက် ၉ နာရီဝန်းကျင်မှာ အဖွားဒေါ်စီရဲ့နေအိမ်ကို အတိုက်ခံရတာပါ ၊ အိမ်ရှိအတွင်းပစ္စည်းတင်မကဘူး ကားနဲ့ ဆိုင်ကယ်ရော ပါသွားတာ “လို့ ညောင်ပင်ကြီးတောရွာခံတယောက်က ပြောပါတယ်။

ဓားပြအတိုက်ခံရသူနဲ့ နီးစပ်သူတယောက်က ” ဆွဲကြိုး ၁ ကုံး ၊ လက်စွပ် ၁ ကွင်း ၊ နားကပ် ၂ ရံ ၊ ပိုက်ဆံ သိန်း ၄၀ ကျော် ၊ ကလစ်ဆိုင်ကယ် ၁ စီး နဲ့ Light Truck ကား ၁ စီးပါသွားတယ်”လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဝက်လက်မြို့နယ်ရဲတပ်ဖွဲ့ရုံးတာဝန်ရှိသူတဦးကတော့ ” ညောင်ပင်ကြီးတော ဖြစ်စဥ်က ဓားပြတိုက်တယ်ဆိုတာထက် အုပ်စုဖွဲ့ပြီး အနိုင်ကျင့် လုယူသွားတဲ့ ပုံစံမျိုးဖြစ်နေတယ် ၊ အကြမ်းဖက်တာပါ ၊ အမှုဖွင့်အရေးယူထားပြီး နယ်မြေရှင်းလင်းရေးအဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ လုပ်နေပါတယ် “လို့ ပြောပါတယ်။

ဒီလ ၅ ရက်ညကလည်း ဝက်လက်မြို့နယ်၊စိုင်နိုင်လေးကျေးရွာနားက အောင်တေဇ စက်သုံးဆီအရောင်ဆိုင် ဓားပြတိုက်ခံရပြီး ပိုက်ဆံ သိန်း ၃၀ ကျော်ပါသွားတဲ့ ဖြစ်စဥ် ဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် မန္တလေး-ရွှေဘိုကားလမ်းပေါ်က လှတော ရေထွက်တိုးလ်ဂိတ်အပါအဝင် ပြီးခဲ့တဲ့လက ဝက်လက် မြို့နယ်မှာ ဓားပြတိုက်ခံရတဲ့ဖြစ်စဥ် ၃ ခုထက် မနည်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝက်လက် #အဘွားအိုတဦး #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW