ကွတ်ခိုင်အနီးမှာ တပ်မတော် နဲ့ K.I.A တိုက်ပွဲပြင်းထန်နေ

ဇွန် ၁၆၊ ၂၀၂၂
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်အနီးမှာ မနေ့ ဇွန်လ ၁၅ ရက်ကနေ ဒီကနေ့ဇွန်လ ၁၆ ရက်နေ့ထိ ၂ ရက် ဆက်တိုက် တပ်မတော် နဲ့ K.I.A တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အခုနော်။ မနေ့ကတည်းက တိုက်ပွဲ ဖြစ်နေတာ။ ၃ ကြိမ်ရှိပြီ။ ကွတ်ခိုင် ထင်းရှူးတော၊ ကာလိုင် အနီးတဝိုက် တောက်လျှောက် တပ်ရင်း ၈၊ တပ်ခွဲ ၁ တို့နဲ့ ချနေကြတယ်။ ကွတ်ခိုင် ထင်းရှူးတော၊ ယူကလစ်တောတွေမှာ အခု တိုက်ပွဲဖြစ်နေတယ်။ ကာလိုင်ဘက်တော့ ပြန်ငြိမ်ပြီ။” လို့ K.IA ရှေ့တန်း အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ဒေသခံတဦးကလည်း “ဒီနေ့ မွန်းလွဲပိုင်း၂ နာရီ ဝန်းကျင်က ကွတ်ခိုင်မြို့အနီးရှိ ဟူနောင်ရွာနားက ပြည်သူ့စစ်ကုန်းဟောင်း မှာ K.I.A တပ်မဟာ ၄၊ တပ်ရင်း ၈၊ တပ်ခွဲ ၁ နဲ့ တပ်မတော်က တပ်မ ၇၇ တို့ တိုက်ပွဲ ပြင်းထန် နေတယ်။”လို့ ပြောပါတယ်။

ကွတ်ခိုင်အနီး ကာလိုင်ရွာဘက်မှာလည်း မနေ့ကတည်းက တိုက်ပွဲဖြစ်နေတယ်လို့ ကွတ်ခိုင်မြို့ခံ တဦးက ပြောပါတယ်။

“မနေ့က ဂါလိုင်လမ်းထဲမှာ ဖြစ်တာ။ အင်တာနက်လိုင်းတွေလည်း ဖြတ်ထားတယ်။ ရွာတွေထဲ ဖြစ်တာမျိုး မဟုတ်ဘူး။ စစ်ကြောင်းနဲ့ထိတွေ့လို့ ဖြစ်တာမျိုးပါ။” လို့ သူကရှင်းပြပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ နဲ့ ဇွန် ၁ ရက်နေ့မှာတော့ တပ်မတော်နဲ့ ကိုးကန့် MNDAA, K.I.A ပူးပေါင်းအဖွဲ့တို့ မုံးပေါ်ဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လ ၉ ရက်၊ ၁၀ ရက်နဲ့ ၁၄ရက်နေ့တွေမှာလည်း တပ်မတော်နဲ့ K.I.Aတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်း နေရာတော်တော်များများမှာ တပ်မတော် နဲ့ K I.A တို့အကြား တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်လာတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရှမ်းပြည်မြောက်ပိုင်း #တပ်မတော် #KIA #တိုက်ပွဲပြင်းထန်

Related posts

Leave a Comment

VOM News

FREE
VIEW