အိန္ဒိယမှာ စစ်သားစုဆောင်းရေးစနစ် ပြင်ဆင်ချက်ကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားနေ

ဒေလီ၊ ဇွန်-၁၇-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမှာ စစ်သားစုဆောင်းရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်ပြင်ဆင်မှုတွေကို မကျေနပ်တာကြောင့် ဆန္ဒပြမှု ဒုတိယနေ့အဖြစ် ဇွန် ၁၇ ရက်မှာ ဖြစ်ပွားနေပြီး ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး ရထားတွဲတွေကိုပါ မီးရှို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

မြောက်ပိုင်း ဟာရာနာပြည်နယ်မှာ ကျောက်ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ခဲ့ရပြီး ဘီဟာပြည်ယန်မှာလည်း ဆန္ဒပြသူတွေက ရထားတွဲတွေကို မီးရှို့မှုကြောင့် ရထားပြေးဆွဲမှုတွေ ပြတ်တောက်ခဲ့ပါတယ်။

၀န်ကြီးချုပ်မိုဒီရဲ့ အိန္ဒိယအစိုးရဟာ အင်အား ၁ ဒသမ ၃၈ သန်းရှိတဲ့ အိန္ဒိယစစ်တပ်အတွက် စစ်သားသစ်စုဆောင်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ပြင်ဆင်ဖို့ကြေညာခဲ့ပြီး လူသစ်တွေအတွက် ပျှမ်းမျှအသက်ကိုလျှော့ချဖို့အတွက် လေးနှစ်စာချုပ်နဲ့သာ စစ်သားသစ်တွေ စုဆောင်းဖို့ ရည်ရွယ်ထားပါတယ်။

ဒါပေမယ့်လည်း ၀င်ရောက်ဖို့ အလားအလာရှိတဲ့ စစ်သားသစ်တွေက သူတို့ကို လေးနှစ်ထက်ပိုပြီး တာ၀န်ထမ်းဆောင်ခွင့်ပေးသင့်တယ်ဆိုပြီး ကန့်ကွက်နေကြပါတယ်။

အတိုက်အခံပါတီတွေနဲ့ ၀န်ကြီးချုပ်မိုဒီရဲ့ အာဏာရ ဘီဂျေပီပါတီရဲ့ အဖွဲ့၀င်အချို့ကတော့ အဲဒီစနစ်ဟာ အလုပ်လက်မဲ့ဖြစ်မှုနဲ့ ရင်ဆိုင်နေရတဲ့နိုင်ငံမှာ အလုပ်လက်မဲ့တွေ ပိုမိုများပြားလာနိုင်တယ်လို့ ဆိုပါကြပါတယ်။

စစ်သားသစ်တွေကို ယခင်က ကြည်းတပ်၊ ရေတပ်နဲ့လေတပ်တို့မှာ သီးခြားစီ စုဆောင်းခဲ့ပြီး ပုံမှန်အားဖြင့် အနိမ့်ဆုံးအဆင့် ရာထူးတွေအတွက် ၁၇ နှစ်ထိ တာ၀န်ထမ်းဆောင်ခွင့်ရရှိခဲ့ကြပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW