ဧရာဝတီတိုင်းမှာ ရွှေအရောင်းအဝယ် အေးနေလို့ ရွှေပန်းထိမ်လုပ်နေသူတွေ စီးပွားရေးကျပ်တည်းလာ

ပုသိမ်၊ ဇွန်လ ၁၇-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းမှာ ရွှေအရောင်းအဝယ်အေးနေတာကြောင့် ရွှေပန်းထိမ်ခုတ်လုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေသူတွေ စီးပွားရေးကျပ်တည်းလာတယ်လို့အဲ့ဒီရွှေပန်းထိမ်ခုတ်လုပ်ငန်းလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းမှာဘပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်စပိုင်းကနေ ဒီနေ့အချိန်ထိ ရွှေအရောင်းအဝယ်ပါးနေပြီး ရွှေပန်းထိမ်ခုတ်လုပ်ငန်းကလည်း မလုပ်ရတဲ့အခြေအနေဖြစ်နေသလို ရွှေပန်းထိမ်ခုတ်လုပ်ငန်းရှင်ဦးရေ ရာနဲ့ချီ စီးပွားရေးကျပ်တည်းလာတယ်လို့ သိရပါတယ်။

“လုပ်ငန်းမလုပ်ရတာ မှတ်မှတ်ရရကို တစ်နှစ်ကျော်ကျော်လောက် ရောက်နေပြီ။ ရွှေဆိုင်တွေမှာ အရောင်းအဝယ်အေးနေတာကြောင့် ပန်းထိမ်ခုတ်လုပ်ငန်းမလုပ်ရတာလည်းပါသလို ယိုးဒယားဘက်ကနေ အသင့်သုံး ရွှေထည်ပစ္စည်းတွေကို ပြည်သူတွေက ဝယ်ယူသုံးစွဲလာကြတာများတော့ ရွှေအပ်ထည်တွေကို လုံးလုံးနီးပါး မလုပ်လာကြတော့တာပါ”လို့ ပုသိမ်မြို့က ရွှေပန်းထိမ်ခုတ်လုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

ဧရာဝတီတိုင်းက ရွှေဆိုင်အများစုမှာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်အထိ တနေ့ကို သိန်း ၁၅၀၀ ကနေ သိန်း ၂၅၀၀ အထိ ရောင်းအားရှိခဲ့ပြီး၂၀၂၁ခုနှစ်ဆန်းပိုင်းကနေ ၂၀၂၂ခုနှစ် ၆လပိုင်း ဒီကနေ့အထိ တနေ့ကို ကျပ်သိန်း ၂၀ ဖိုးပင်မပြည့်တော့ဘူးလို့ ရွှေအရောင်းဆိုင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

”အဓိကပြဿနာက နယ်မှာရှိတဲ့ တောင်သူလယ်သမားတွေ စပါးဈေးတွေကျဆင်းလာတယ်။ စီးပွားရေးတွေကျဆင်းမှုတွေကြောင့် ဖြစ်တယ်။ အခုနှစ်ကုန်တော့မယ် နှစ်စပိုင်းကနေ လက်ရှိအချိန်ထိ ရွှေဝယ်တာထက် အရောင်းသမားတွေ ပြန်သွင်းသူတွေ အပေါင်အပ်ထားသူတွေက ပိုများနေပါတယ်။ကျွန်မတို့အရောင်းဆိုင်တွေလည်း အခုနှစ်ပိုင်း သိပ်အဆင်မပြေဘူး။”လို့ ပုသိမ်မြို့ရှိ ရွှေရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။

ဒါ့အပြင် ရွှေဈေးတက်လာတာ၊ နိုင်ငံရေးနဲ့ ကိုဗစ်ရောဂါ ရိုက်ခတ်တဲ့ဒဏ်တွေကြောင့်လည်း ပြည်သူတွေ စီးပွားရေးကျပ်တည်းနေလို့ ရွှေလာလုပ်တာထက် လာပေါင်၊လာရောင်းသူတွေက ပိုများနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #ရွှေပုထိမ်လုပ်သူတွေ #စီးပွားရေးကျပ်တည်း

Related posts

Leave a Comment

VOM News

FREE
VIEW