လှိုင်သာယာမှာ ဆိုင်ကယ်နဲ့ဘက်ထရီစက်ဘီးစီးခွင့်ပိတ်၊စီးတာတွေ့ရင် အရေးယူမယ်လို့ အသိပေး

ဇွန် ၁၈-၂၀၂၂
VOM (GG)

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ဆိုင်ကယ် နဲ့ ဘက်ထရီစက်ဘီးတွေကို စီးနင်းခွင့် ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က ဇွန်လ ၁၇ ရက်နေ့ကစပြီး စီးနင်းခွင့်ပိတ်လိုက်တာဖြစ်ပြီး တကယ်လို့ စီးနင်းတာကိုတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

” ဟုတ်ပါတယ်၊ မနေ့က စပိတ်လိုက်တာပါ။ရပ်ကွက်ထဲ လာအော်တာပါ။ ဆိုင်ကယ်ရော၊ဘက်ထရီစက်ဘီးရောစီးခွင့်ပိတ်တယ်တဲ့။စီးတာတွေရင်အရေးယူမယ်ဆိုပြီး လော်နဲ့လာအော်တာပါ”လို့ လှိုင်သာယာ အရှေ့ပိုင်းမှာနေထိုင်သူတဦးကပြောပါတယ်။

ဆိုင်ကယ်၊ဘက်ထရီစက်ဘီးစီးနင်းခွင့်ပိတ်လိုက်ပြီဖြစ်ကြောင်းကို ရပ်ကွက်အလိုက် သက်ဆိုင်ရာအုပ်ချုပ်ချုပ်ရေးအဖွဲ့တွေက ဇွန်လ ၁၆ ရက်နေ့မှာ ရပ်ကွက်နေထိုင်သူတွေကို လိုက်လံအသိပေးပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ဆိုင်ကယ်နဲ့စက်ဘီး အဓိကအသုံးပြုလုပ်ကိုင်စားသောက်နေရတဲ့မြို့နယ်မှာ ဒါတွေစီးခွင့်ပိတ်တော့ ဘယ်လိုလုပ်ကြမလဲ၊ ရပ်ကွက်ထဲတော့ စီးနေ​ကြတာတွေ့တယ်။ကျနော်တို့ အလုပ်ကိုလည်း စီးတာရှိတယ်။ကားမရောက်တဲ့နေရာဆို သွားရတာရှိတယ်။ အခုတော့အခြေအနေစောင့်ကြည့်လုပ်ရမှာပေါ့”လို့ နောက်ထပ် လှိုင်သာယာဒေသခံတဦးကပြောပါတယ်။

လှိုင်သာယာမြို့နယ်ဟာ အခြေခံလူတန်းစားအများဆုံးနေထိုင်တဲ့မြို့နယ်တခုဖြစ်သလို ရွှေ့ပြောင်းလုပ်သားအများဆုံးအလုပ်လုပ်နေတဲ့မြို့နယ်လည်းတဲ့အပြင် ဆိုင်ကယ်အသုံးပြုမှုများတဲ့မြို့နယ်လည်းဖြစ်ပါတယ်။

အခုလို ဆိုင်ကယ်၊ဘက်ထရီစက်ဘီးစီးခွင့်ပိတ်လိုက်တာဟာ ဆိုင်ကယ်အဓိကအသုံးပြုပြီး အလုပ်လုပ်နေရတဲ့ဆိုင်ကယ်ကယ်ရီသမားတွေ၊ စက်ရုံ၊ အလုပ်သမားတွေအတွက် အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းထဲက တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်နဲ့ ဒလမြို့နယ်တွေမှာလည်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #လှိုင်သာယာ #ဆိုင်ကယ် #စက်ဘီး #စီးခွင့်ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW