ခန္တီးနဲ့ ဟုမ္မလင်းမြို့တွေမှာ လောင်စာဆီစျေးတက်လို့ မီတာခတွေ ရုတ်တရက်မြင့်တက်

ဇွန် ၊ ၁၉-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ဖျားက ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေမှာ လျှပ်စစ်မီတာ ယူနစ် စျေးနူန်းတွေ ရုတ်တရက် မြင့်တက်လာနေတယ်လို့ လျှပ်စစ်ဓာတတ်အား သုံးစွဲသူတွေဆီက သိရပါတယ်။

” ခန္တီးမြို့မှာက မီတာ ၁ ယူနစ်ကို အရင်က ၈၁၅ ကျပ်ဖြစ်တယ် ၊ အခု စျေးတက်သွားတော့ ၁၀၉၀ ကျပ် ပေးရတယ် ၊ ဟုမ္မလင်းမြို့မှာက မီတာ ၁ ယူနစ်ကို အရင်စျေးက ၁၁၂၀ ၊ အခုစျေးက ၁၂၅၀ ဖြစ်တယ် “လို့ လျှပ်စစ်မီတာ သုံးစွဲသူတယောက်က ပြောပါတယ်။

လျှပ်စစ်မီတာခတွေ စျေးနူန်းမြင့်တက်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခန္တီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံး တာဝန်ရှိသူတဦးက ” ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေရဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရေး လုပ်ငန်းတွေဟာ ဒီဇယ်ဆီသုံး အင်ဂျင်စက်ကြီးတွေနဲ့ အချိန်ပိုင်းဖြန့်ဝေပေးတဲ့ စနစ်ဖြစ်တယ် ၊ စက်သုံးဆီ စျေးနူန်းမြင့်တက်လာတဲ့အတွက်ကြောင့် ယူနစ်စျေးတွေ မဖြစ်မနေ တက်ရတာပါ၊ ခန္တီးမြို့မှာက မြန်မာ့လျှပ်စစ်စွမ်းအင်ဌာနနဲ့ ရွှေထွန်းတောက် လျှပ်စစ်ဖြန့်ဖြူးရေး တို့က ပေးတယ် ၊ ဟုမ္မလင်းမြို့မှာက ဖိုးသီးချို လျှပ်စစ်ပေးရေးက ပေးတယ် ၊ လျှပ်စစ် အသုံးပြုနိုင်တဲ့ လူတန်းစားက အလွန် နည်းသေးတယ် ၊ ၂၀ ရာခိုင်နူန်းဝန်းကျင်ပဲ ရှိတာ ” လို့ ပြောပါတယ်။

ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့က လျှပ်စစ်ဓာတ်အားပေး အင်ဂျင်စက်ကြီးတွေ လည်ပတ်နိုင်ဖို့အတွက် လိုအပ်ချက်ဖြစ်တဲ့ စက်သုံးဆီတွေကို မုံရွာမြို့ကနေ ရေလမ်း ၊ ကုန်းလမ်းကြောင်းတွေကနေ သယ်ယူပို့ဆောင်ရတာ ဖြစ်ပါတယ်။

အဲ့ဒီလို စက်သုံးဆီတွေ သယ်ယူပို့ဆောင်တဲ့ လမ်းတွေမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကစလို့ တိုက်ပွဲဖြစ်တာတွေ ၊ လုယက်ဓားပြတိုက်တာတွေ ဖြစ်ပွားလာတဲ့အတွက် ခန္တီးနဲ့ ဟုမ္မလင်းဘက်တွေမှာ စက်သုံးဆီနဲ့ အခြား လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး လျှပ်စစ် မီတာခတွေ စျေးနူန်းမြင့်တက်လာတာလို့ သိရပါတယ်။

#voicemyanmar #VOM #ခန္တီးနဲ့ဟုမ္မလင်း #လောင်စာဆီစျေးတက် #မီးတာခမြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW