အိမ်မဲမြို့နယ်မှာ မှတ်ပုံတင်မပြနိုင်သူတွေ ဝင်ခွင့်မရတာကြောင့် မှတ်ပုံတင်မရှိသူတွေ အခက်တွေ့

အိမ်မဲ ၊ ဇွန်လ ၁၉-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊အိမ်မဲမြို့နယ်ကို ၀င်လာမယ့် ဘယ်သူမဆို မြို့အဝင်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံပြီး(မှတ်ပုံတင်)မရှိရင် မြို့အတွင်းကို ဝင်ခွင့်မပေးတော့လို့ အခက်အခဲဖြစ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

အိမ်မဲမြို့နယ်မှာ ဒေသလုံခြုံရေးနဲ့တရားဥပဒေစိုး မိုးရေးအတွက်ဆိုပြီး နိုင်ငံသားစီစစ်ရေးကဒ်(မှတ်ပုံတင်)မရှိသူ ဘယ်သူမဆို အခုလ ၁၅ ရက်နောက်ပိုင်းကနေ စတင်ပြီး မြို့ထဲကိုပေးမဝင်တော့တာကြောင့် မှတ်ပုံတင်မရှိတဲ့ဒေသခံအချို့နဲ့ ရပ်ဝေးကနေလာတဲ့သူတွေ၊အရေးပေါ်ကိစ္စနဲ့သွားလာလုပ်ရသူတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မှတ်ပုံတင်မရှိလို့ မြို့ထဲဝင်ဖို့အခက်အခဲကြုံနေရတဲ့သူတဦးက”မှတ်ပုံတင်မရှိတဲ့ ဘယ်သူမဆို အဝင်မခံတော့ဘူး၊ မှတ်ပုံတင်က အရင်ကတည်းက မရှိတာ၊ သွားလုပ်ရင် ငါးသောင်းလောက်ပေးရလို့ မလုပ်ဖြစ်တာနဲ့ ရန်ကုန်မှာ အလုပ်လုပ်နေရင်း အခုမှပြန်လာတာ၊ အခု အဝင်မခံလို့ ရန်ကုန်ပြန်ရတော့မယ့်အခြေအနေဖြစ်နေတယ်။တစ်ခါမှ ဒါမျိုးမကြုံဖူးပါဘူး၊ မိသားစုကလည်း အိမ်မဲမှာရှိနေတာ၊ အိမ်ထောင်စုစာရင်းစာရွက်ရှိတယ်လို့ပြောတာတောင်မရဘူး။”လို့ ပြောပါတယ်။

လုံခြုံရေးတာ၀န်ရှိသူတဦးကလည်း”လုံခြုံရေးအရဆောင်ရွက်နေရတာဖြစ်လို့ ပြည်သူတွေအတွက်ဆောင်ရွက်နေရတာဖြစ်လို့ နားလည်ပူးပေါင်းပေးစေလိုတယ်။မှတ်ပုံတင် ရှိ၊မရှိကလည်း မိမိနဲ့သာ
ဆိုင်ပါတယ်”လို့ ပြောပါတယ်။

”မှတ်ပုံတင်တစ်ခါသွားလုပ်ရင် ရဖို့ကလည်း တော်တော် ခက်ခဲသလို ကြန့်ကြာတာတွေလည်းရှိတယ်။ပိုက်ဆံမပေးရင်လည်း ဟိုစစ် ဒီမေး လုပ်တယ်လေ၊ ပိုက်ဆံပေးရင်တော့ ခဏလေးရတယ်၊ ပိုက်ဆံက ငါးသောင်းလောက်ပေးရလို့ မလုပ်ဘဲနေခဲ့တာလေ၊ ဒါ့ကြောင့်မှတ်ပုံတင်က မရှိတာ”လို့မှတ်ပုံတင်မရှိသူတဦးကပြောပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားနေချိန်က အိမ်မဲမြို့နယ်ထဲကိုထောက်ခံတရွက်ထဲနဲ့ ပေးဝင်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အိမ်မဲမြို့နယ်ထဲကို မှတ်ပုံတင်မရှိသူ ၁၈ နှစ်အထက် အသက်ပြည့်တဲ့သူ နှစ်သိန်းနီးပါးအထိရှိတယ်လို့သိရပြီး အဲ့ဒီမှတ်ပုံတင်မရှိတဲ့သူတွေဟာကျေးလက်တောရွာတွေမှာ နေတဲ့သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

#voicemyanmar #VOM #အိမ်မဲ

Related posts

Leave a Comment

VOM News

FREE
VIEW