တရားရုံးမှာ သက်သေခံပြီး ပြန်လာတဲ့ရဲတွေ မိုင်းနင်းမိပြီး ရဲ ၁၁ ဦး သေဆုံး

ဇွန် ၊ ၂၃ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ မြင်းဒေါင်းကျေးရွာအနီး ၊ ရေဦး ခင်ဦးကားလမ်းမှာ မနေ့ ဇွန် ၂၂ ရက် ညနေပိုင်းက ရေဦးတရားရုံးကနေ သက်သေခံပြီးပြန်လာတဲ့ ရဲတွေစီးလာတဲ့ ကား ၁ စီး မိုင်းထိမှန်ပြီး ဝိုင်းဝန်း ပစ်ခတ်ခံရတဲ့အတွက် ကားပေါ်မှာ ပါလာတဲ့ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးသွားတယ်လို့ ခင်ဦးမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်းမှာ ရုပ်အလောင်း ၁၁ လောင်း သယ်ယူပြီး ခင်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်.” လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေဘိုခရိုင်လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အမှုကိစ္စနဲ့ သက်သေခံပြီး ရေဦးကနေ ပြန်အလာ မိုင်းမိတာပါ ၊ ကားက စကပ်ကား မြေသယ်ယာဥ်အမျိုးအစားဖြစ်တယ် ၊ မိုင်းမိတဲ့အချိန် ကားရပ်သွားပြီး ဝိုင်းပစ်တာကို ခံရတာပါ ၊ ဒုရဲမှူး ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၁ ယောက်ကျတယ် ၊ လက်နက် ၁၁ လက် ပျောက်ဆုံးနေတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ခင်ဦးမြို့နယ် Narapati Local Guerrilla Revolution Force က သူတို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူတို့ဘက်က လူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါသေးတယ်။

မနေ့က မနက်ပိုင်းမှာ မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ် ၊ မဲဇာလီကျေးရွာအနီး ၊ မုံရွာ-ပုသိမ်ကားလမ်း ၊ မဲဇာလီကြိုးတံတား ရွာဘက်ထိပ်အခြမ်းမှာ လက်နက်တွေသယ်လာတဲ့ စကပ်ကားတစီး လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး ကားပေါ်မှာ ပါလာတဲ့ PDF ၁၄ ယောက်သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ခင်ဦး #ရဲ၁၁ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW