မုံရွာနဲ့ အရာတော်မှာ မနေ့က ၁ ရက်တည်း လူ ၂ ဦး ​သေနတ်နဲ့ ပစ်သတ်ခံရ

ဇွန် ၊ ၂၉ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နဲ့ အရာတော်မြို့မှာ လူ ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မုံရွာမှာ အသတ်ခံရတာက ရခိုင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်ရဲ့အဖေဖြစ်တယ် ၊ အရာတော်မြို့မှာ အသတ်ခံရတာက မြို့ပေါ် ဆိုင်ကယ် ကယ်ရီဆွဲတဲ့သူဖြစ်တယ် ၊မနေ့က ၁ ရက်တည်း မုံရွာခရိုင်မှာ လူသတ်မှု ၂ ကြိမ်ဖြစ်တာပါ ” လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့ ၊ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်ပွားတာတွေနဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ” မုံရွာဖြစ်စဥ်က နန္ဒဝန်ရပ်ကွက် ၊ နယ်မြေ ၆ က ဦးစိန်မင်း အသက် ၄၅ နှစ်ဟာ မြဝတီရပ်ကွက် ၊ မိုဃ်းကောင်းဘုရားလမ်းထဲက စားသောက်ဆိုင်ထဲမှာ ပစ်သတ်ခံရပြီး ဓားနဲ့အထိုးခံရတာပါ ၊ သူက ရခိုင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်တဦးရဲ့ ဖခင်ဖြစ်တယ် ၊ အဲ့ဒီ အခင်းဖြစ်ပွားတာက မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်က ” လို့ ပြောပါတယ်။

ဒါ့အပြင် အရာတော် လူသတ်မှုနဲ့ ပတ်သက်ပြီး အရာတော်မြို့ အမှတ် ၃ ကွက်သစ်ရပ်ကွက်မှာ နေတဲ့ ကိုကျော်ဇေယျ ဆိုင်ကယ် ကယ်ရီမောင်းဖြစ်သူဟာ မနေ့က ည ၇ နာရီဝန်းကျင်မှာ မုံရွာ အရာတော်ကားလမ်း မိုင်တိုင်အမှတ် ၂၆ / ၂ နဲ့ ၃ အကြားနေရာမှာ သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်တယ်လို့ ဆက်ပြီးပြောပြပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်ပွားတာတွေကို သက်ဆိုင်ရာ ရဲစခန်းတွေက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ ဇွန်လကနေ ဒီနှစ် ဇွန်လအထိ ၁ နှစ်အတွင်းမှာ မုံရွာခရိုင်ထဲက မြို့နယ်တွေဖြစ်တဲ့ ချောင်းဦး ၊ ဘုတလင် ၊ အရာတော် နဲ့ မုံရွာမြို့တွေမှာ ပညာရေးဝန်ထမ်းတွေ ၊ ဒလန်လို့ စွပ်စွဲခံရသူတွေ ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ၊ ရပ် / ကျေး အုပ်ချုပ်ရေးမှူးတွေ ၊ ရဟန်သံဃာတွေ အပါအဝင် အသတ်ခံရတဲ့သူ ၃ ရာကျော်ရှိပြီး လူသတ်မှုဖြစ်စဥ် ၂ ရာကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာခရိုင် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW