ဖရိန်ချား ၊ ဘော်ကြယ်..နှင့် နနွင်းမကင်း

ဆူးငှက်

ပန်းမြိုင်လယ် သာနယ်ဘွေမျှော်လေတိုင်း
ပြာခြေဆိုင်း ဝေမှိုင်းမြူမှောင်ခြယ်…
အိုး…ဘယ်ဝယ်၊တောင်စွယ်မှော်ရုံကြော..
လွမ်းသာမောဖွယ့် တောစုံယံမှာ..
ရွှေလျှံဝင်းမှည့်ထုံမှုန်ကြွေ..
ရီဝေပြာပြာ လွမ်းဖွယ်စေ..တဲ့။ပင်စည်မင်းသားကြီးက ပန်းမြိုင်လယ် ဖရိန်းချားကြီးကို ရေးသားခဲ့သည်။

ရာမဇာတ်ထွက် ယိုးဒယားတဲ့..။ မြန်မာရာဇဝင်၌ ဆင်ဖြူရှင်မင်းတရားကြီးလက်ထက် ထောင်ချီ၍ ရောက်ရှိလာသော ယိုးဒယား(ထိုင်း)အနုပညာရှင်များသည် တစ်ရပ်တစ်ကွက် တစ်စုတစ်ဝေးကြီး ရှိခဲ့သည်ဆို၏။
ထို့ကြောင့် အင်းဝနေပြည်တော်တွင် ယိုးဒယား၊ ထိုင်းလူမျိုးများနေထိုင်ရန် ရပ်ကွက်တစ်ကွက်ပင် သတ်မှတ်ပေးထားသည်။ ယိုးဒယားရပ်၊ ယိုးဒယားလမ်း။ ယိုးဒယားဈေးဟု ခေါ်တွင်ခဲ့သည်။ ထိုအရပ်များက အင်းဝမှတစ်ဆင့် မင်းနေပြည်တော်ကို အမရပူရသို့ ပြောင်းလာတော့ အမရပူရသို့ပင် ပါလာသည်။ ထို့နောက် မန္တလေးပြောင်းပြန်တော့ မန္တလေးသို့လည်း မြို့ပြအကွက် အကွင်း၌ တစ်ပါတည်း ပါဝင်လာ၏။

အင်းဝမြို့၌ ယိုးဒယားရပ်ကွက်တွင်နေထိုင်သော ယိုးဒယားလူမျိုးများက မိမိတို့ ရိုးရာလက်မှုပညာများ လုပ်ကိုင်ကြသည်။ မိမိတို့ ရိုးရာမုန့်များ ပြုလုပ်ရောင်းချကြသည်။ ယိုးဒယားမှာ ယိုးဒယား အဝတ်အထည်၊ လက်မှုထည်များနှင့် ယိုးဒယားအစားသောက်များ ရရှိနိုင်၏။ ယိုးဒယားမုန့်က ဆန်ရွှေချီမုန့်၊ လွတ်ဆောင်းမုန့်၊ ဟင်းခါးရည်နှင့် မုန့်တီ၊ကောင်းညှင်းဆန်နှင့် ထန်းလျက်ရောကျိုချက်သော ရွှေထမင်း စသောမုန့်များဖြစ်သည်။ အခုတော့ ထိုမုန့်များက မြန်မာမုန့်များလုံးလုံးဖြစ်ကြပြီ။ နနွင်းမကင်းတဲ့၊ မုန့်လက်ဆောင်းတဲ့၊ မုန့်ဟင်းခါးတဲ့၊ စိန်ဖေကြီးတဲ့..။ ယိုးဒယားလက်မှုလုပ်ငန်များမှာလည်း ရွှေဆိုင်းခတ်ခြင်း၊ ကွမ်းအစ်ရေခွက်၊ ဆွမ်းတော်၊ ဗန်း၊ ကြိမ်ဗန်း၊ သုံးချောင်းထောက် ယွမ်းအုပ်၊ဒေါင်းပေါင်စသော ယွန်းထည်ပစ္စည်းများဖြစ်သည်။

ထို့ပြင် မှန်စီရွှေချခြင်း၊ အပြောက်မြင်ကာ ပန်းနွယ် ပန်းခတ်များ ထုလုပ်ခြင်း၊ ဇရပ်တန်ဆောင်း ကျောင်းတို့ကို လှပဆန်းကြယ်စွာ တည်ဆောက်ခြင်း စသည့် ဗိသုကာလုပ်ငန်းတွေလည်းပါသည်။ ရွှေချည်ထိုး၊ ဘော်ကြယ်ခတ်၊ ရက်ကန်းရက်ပညာတွေလည်း ပါသည်။ ထိုအထဲတွင် သဘင်ပညာသည်များကလည်း အများစုဖြစ်၏။

တစ်နေ့သောအခါ အင်းဝမြို့ဝန်မင်းအိမ်တွင် ကလေးထိန်းနေသော ယိုးဒယားသူ မိန်းမကြီးတစ်ဦးက ကလေးကိုပွေ့ပိုက်လျှက် ညနေလေးချက်တီးအချိန်လောက်တွင် အနောက်တောင်ဆီမှာ ညို့တက်လာသော
မိုးသားတိမ်လိပ်များကိုမျှော်ငေးကြည့်ရင်း ညှိုနွမ်းရီဝေနေသော အမူအရာဖြင့် “အေး..ချူရေးချိုက်..” အစရှိသော ယိုးဒယားဘာသာစကားကို သီဆိုလျှက်ရှိသည်။ ထိုအခါ စာသားကိုနားမလည်သော်လည်း လွမ်းဆွတ်ဖွယ်အသံနှင့် သံစဉ်မို့ မြို့ဝန်ကခေါ်၍မေးရာ “အယုဒ္ဓယကို သတိရလွမ်းဆွတ်အောက်မေ့ပြီး ယိုးဒယားဘာသာသီချင်း သီဆိုအလွမ်းဖြေရပါကြောင်း လျှောက်တင်သည်။ ထို့နောက် ယိုးဒယားသီချင်း ယိုးဒယားသဘင်၊ ယိုးဒယားဇာတ်တော်ကြီးများအထိ မေးမြန်းသိရှိရပြီး ယိုးဒယားသီချင်း၊ ယိုးဒယားဇာတ်တော်ကြီးများကို မြန်မာမှုပြုခဲ့ကြပုံ သမိုင်းကြောင်းကို ဖတ်ရှုမှတ်သားခဲ့ဖူးသည်။ ယိုးဒယားဘာသာဖြင့် ရေးသားထားသော သီချင်းများကို မြန်မာမှုပြုခဲ့ကြ၏။

ဤတွင် ယိုးဒယား ဖရင်းချာကြီးက ပန်းမြိုင်လယ် အသွင်ပြောင်းလာသည်။ ရာမ၊လက္ခဏနှင့် သီတာဒေဝီကို ဖခမည်းတော်ကမြိုင်ရပ်နှင်လေသောအခါ မှော်ရုံတော်၏ သာယာပုံ၊ ပန်းရနံ့တို့ သင်းပျံ့ပုံများကို ပန်းမြိုင်လယ်သီချင်းကြီး၏ ပထမအပိုဒ်တွင် ရေးစပ်ခဲ့သည်။ အဓိပ္ပါယ်အားဖြင့်၊ စကားလုံးအားဖြင့် နက်ရှိုင်းကျစ်လျစ်လှပေ၏။

“လေပြေဆော်ကာ ဟေမာတွင်း၊ ထုံဆီ မလ္လာဂန္ဓာသင်းဝှန်၊ ကန်ရေခင်းငယ် ဆင်းကြည်သွန်..” သတဲ့လေ။

ယိုးဒယားတို့၏ သီချင်း တီးလုံး လက်မှုအနုပညာနှင့် စားဖွယ်သောက်ဖွယ်တို့ မြန်မာများနှင့် ရင်းနှီးကျွမ်းဝင်ပြီး မြန်မာ့မူမြန်မာ့ဟန်အသွင်ပြောင်းလဲခြင်းသည် အင်းဝခေတ်တွင် သာမက နေပြည်တော်ကို အမရပူရသို့ ပြောင်းရွှေ့သောအခါတွင်လည်း ယိုးဒယားအားလုံး လိုက်ပါထွန်းကားမြဲဖြစ်သည်။

အယုဒ္ဓယနိုင်ငံတော်ကြီးကို ဘုရင်ကြီး U Thong က AD1350 ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ အယုဒ္ဓယမင်းဆက်ပေါင်း ၃၅ ပါးတို့သည် AD 1350 မှ 1767 ခုနှစ်အထိ နှစ်ပေါင်း ၄၁၇ နှစ်ကြာ အုပ်စိုးခဲ့ကြသည်။ ဘုရင် ဥဒုမွရသည် ၃၄ဆက်မြောက်ဖြစ်ပြီး AD 1758 ၌ ၂ လ သာ နန်းစံခဲ့ရသည်။ ထို့နောက် နောင်တော် E Katath က နန်းလွှဲယူခဲ့ပြီး AD-1767 အထိ နှစ်ပေါင်း ၉ နှစ် စိုးစံနေစဉ်အင်းဝ ဆင်ဖြူရှင်မင်းတြားကြီးက အယုဒ္ဓယမြို့တော်ကို အလိုတော်ပြည့်ခဲ့ပြီး ဘုရင်မှာ စစ်ပွဲတွင်ကျဆုံးသဖြင့် ရဟန်းဝတ်နှင့်ရှိနေသော ဘုရင်ဟောင်း ဥဒုမွရ အပါအဝင် လူပေါင်း တစ်သိန်းကို နေပြည်တော် အင်းဝသို့ခေါ်ဆောင်လာခဲ့သည်။ သားတော် စဉ့်ကူးမင်း က အင်းဝမြို့တောင်အရပ်တွင် ရေသဖန်းကျောင်းတိုက်ဆောက်လုပ်၍ လှူဒါန်းခဲ့ပြီး ၁၁၄၄ ခုနှစ်တွင် ဘိုးတော် ဗဒုံမင်းကရားကြီး အမရပူရသို့ မြို့သစ်ပြောင်းရာတွင် ဥဒုမွရ ရဟန်းတော်ကြီးလည်း အမရပုရမြို့၏ အနောက်တောင်အရပ် လင်းဇင်းကုန်း ယိုးဒယားကျောင်း၌ ဆက်လက် သီတင်းသုံးနေထိုင်ခဲ့သည်။

အင်းဝတွင် ၁၅ နှစ် အမရပူရတွင် ၁၄ နှစ် စုစုပေါင်း မြန်မာနိုင်ငံ၌ ၂၉ နှစ် သီတင်းသုံးတော်မူခဲ့ပြီး ဘိုးတော်မင်းတရားလက်ထက် AD:-1796 တွင် ပျံလွန်တော်မူသောကြောင့် အမရပူရ လင်းဇင်းကုန်းအရပ်တွင် ခန်းနားကြီးကျယ်စွာသင်္ဂြိုဟ်စေခဲ့သည်။

မန္တလေးရတနာပုံနေပြည်တော် တည်ထောင်ရာ၌ အတန်းများ၊ အစုများ ဖွဲ့ပြီး ရပ်ကွက်ဖွဲ့စည်းသောအခါ ကုလားစု၊ ကသည်းစု၊ တရုတ်စု၊ မွန်စု၊ ယိုးဒယားစု၊ ယွန်းစု၊ ရခိုင်စု၊ ရှမ်းစု၊ လင်းဇင်းစု စသည်ဖြင့် နေရာချထားပေးခဲ့သည်။ အားလုံး ဘုရင့်အာဏာစက်တော် ညီညီညွတ်ညွတ်၊ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြသော သာဓကဖြစ်သည်။ ဝင်းတွေ အနေနှင့်လည်း အင်္ဂလိပ်၊ပြင်သစ်၊ ပေါ်တူဂီ သံတမန်များနှင့် မျိုးနွယ်များအတွက် သံဝင်း၊ ဗရင်ဂျီဝင်း များလည်း ရှိခဲ့သည်။

ထိုသို့သော အစုအဖွဲ့များအနက် ယိုးဒယားစုများ၏ အနေအထိုင် အစားအသောက်နှင့် ရိုးရာဓလေ့ အနုပညာများက ရွာနေပြည်ထိုင်များထံ ဆက်စပ် စိမ့်ဝင် ပေါင်းကူးမှုများလည်း အထင်အရှားရှိခဲ့သည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW