ပခုက္ကူခရိုင်မှာ နိုင်ငံရေး ဖြစ်စဥ်တွေကြောင့် ဖမ်းဆီးခံထားရသူ ၂ ရာနီးပါးရှိနေ

ဇူလိုင် ၊ ၂ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင်မှာ ၂၀၂၂ ဇန်နဝါရီကစလို့ ပြီးခဲ့တဲ့ ဇွန်လကုန်အထိ နိုင်ငံရေးဖြစ်စဥ်မှာ ပါဝင်ပတ်သက်သူ လူ ၂ ရာနီးပါး ဖမ်းဆီးခံထားရတယ်လို့ ပခုက္ကူမြို့မှာရှိတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီနှစ်ဆန်းပိုင်းကစလို့ ဖမ်းဆီးရေးတွေ ခပ်စိပ်စိပ်ဖြစ်လာပြီးနောက် အဖမ်းခံရတဲ့သူ များလာတာဖြစ်တယ် ၊ အဲ့ဒီ အဖမ်းခံရတဲ့သူတွေဟာ လူငယ်ပိုင်းတွေ အများစု ပါဝင်နေတယ် ၊ ခရိုင်ထဲက ၅ မြို့နယ်ပေါင်းကြည့်ရင် ၂ ရာနီးပါးရှိတယ် “လို့ ပခုက္ကမြို့ခံ တယောက်က ပြောပါတယ်။

ပခုက္ကူခရိုင်ထဲက ပေါက်မြို့နယ်ဘက်မှာ အဖမ်းခံထားရတဲ့သူ ၅၀ ထက်မနည်းရှိနေပြီး ဆိပ်ဖြူမှာ ၂၀ ဝန်းကျင် ၊ မြိုင်မှာ ၃၀ ကျော် ၊ ရေစကြိုမှာ ၆၀ နီးပါးနဲ့ ပခုက္ကူမှာ ၅၀ ကျော် ဖြစ်တယ်လို့ ပခုက္ကူ နိုင်ငံရေး အသိုင်းအဝိုင်းတွေရဲ့ မှတ်တမ်းအရ သိရပါတယ်။

ဖမ်းဆီးရေးဖြစ်စဥ်မှာ ပစ်ခတ်ဖမ်းဆီးခံရတဲ့အတွက် ဒဏ်ရာရတာနဲ့ သေဆုံးသူ အရေအတွက်ဟာ အဲ့ဒီ အရေအတွက်ထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

အခုလိုဖမ်းဆီးခံထားရသူတွေနဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ” အဖမ်းခံထားရတဲ့သူတွေထဲက လူတချို့ကို စီစစ်ပြီး ခံဝန်နဲ့ ပြန်လွတ်ပေးတာရှိတယ် ၊ အကြမ်းဖက်မှုတွေမှာ တနည်း နည်းနဲ့ ပါဝင် ပတ်သက်နေတဲ့သူတွေကိုတော့ အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့်အရေးယူထားတယ် ၊ ဘယ်လိုပါဝင်သလဲဆိုတော့ တချို့က ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေတယ်ဆိုတာ စစ်ဆေးတွေ့ရှိရတယ် ၊ တချို့ကျတော့ ထောက်ပံ့တာ အားပေး အားမြှောက်လုပ်တာတွေဖြစ်တယ် ၊ အသိပညာပေး ဟောပြောလို့ရတဲ့သူတွေကို ပညာပေးဟောပြောပြီး ခံဝန်နဲ့ လွတ်ပေးတာမျိုးရှိတယ် ” လို့ ပြောပါတယ်။

ပခုက္ကူခရိုင်မှာ လမ်းသွား လမ်းလာ လူငယ်တချို့ဆီက ဖုန်းတွေကို စစ်ဆေးပြီး အဖမ်းခံရတဲ့သူ အရေအတွက်က ပိုများတယ်လို့ သိရပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံထားရတဲ့ သူတွေထဲမှာ ထင်ပေါ်ကျော်ကြားသူတွေ ၊ ဆရာဝန်တွေ ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ဌာနဆိုင်ရာ ဝန်ထမ်းတချို့အပြင် စီးပွားရေးလုပ်ငန်းက ဝန်ထမ်းတချို့ ပါဝင်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW