သရက်ချောင်းမြို့နယ်ကို နယ်မြေရှင်းလင်းရေးစစ်ကြောင်းလာတာကြောင့် ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ဇူလိုင် ၊ ၃ ၊ ၂၀၂၂
SP(VOM)

တနသ်ာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ် ၊တောင်ပျောက်တိုက်နယ်ဘက်က ရွာတွေကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတဲ့အတွက် ဒေသခံ ပြည်သူ ၅ ထောင်ကျော်ဟာ မနေ့က ညနေပိုင်းမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တောင်ပျောက်တိုက်နယ် ရွာခံတွေဆီက သိရပါတယ်။

” မနေ့ မနက်ပိုင်းကစလို့ စစ်ကြောင်းဝင်လာတာမို့ ၊ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်လာတာပါ ၊ အများစုကတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ၊ နောက်ပြီး သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေကို အဓိကထား ကယ်ထုတ်ပေးခဲ့တယ် ” လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် တောင်ပျောက်တိုက်နယ်ထဲက ရွာပေါင်း ၇ ရွာထက်မနည်းက ဒေသခံပြည်သူ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်းလာနေတဲ့အတွက် တောင်ပျောက်တိုက်နယ် လူမှုကူညီရေး အဖွဲ့တွေက သွားလာရေး ၊ နေထိုင်ရေး ၊ စားသောက်ရေးနဲ့ ကျန်းမာရေး ကိစ္စတွေကိုပါ ကူညီစောင့်ရှောက်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကနေ ၂၇ ရက်အထိ တောင်ပျောက်တိုက်နယ်ဘက်က ရွာတွေမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေနဲ့ ဒေသခံ PDF တို့အကြား ၃ ရက်ကြာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် စစ်ကြောင်းအဖွဲ့က အဲ့ဒီ ဒေသဘက်ကို တကျော့ပြန် ဝင်ရောက်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ တောင်ပျောက်တိုက်နယ်ဘက်မှာ ပြီးခဲ့တဲ ဇွန်လထဲက ဖြစ်ပွားခဲ့တဲ့ ထိတွေ့မှုတွေမှာ ၂ ဖက် ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေရှိတယ်လို့ သိရပြီး အရေအတွက်ကိုတော့ VOM အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။

#voiceofmyanmar #VOM #သရက်ချောင်း #တောင်ပျောက် #ထားဝယ် #စစ်ဘေးရှောင်

ဓာတ်ပုံ-တောင်ပျောက်တိုက်နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW