ပုဇွန်တောင်စျေးကြီး မီးလန့်မှုနဲ့ မီးလောင်မှု(၄)ကြိမ်ဖြစ်ပြီးနောက် စျေးရောင်းချသူတွေ စိုးရိမ်မှုရှိနေ

ရန်ကုန်၊ဇူလိုင် ၃၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က ပုဇွန်တောင်စျေးကြီးမှာ အခုရက်ပိုင်းအတွင်း မီးလန့်မှုနဲ့မီးလောင်မှု (၄)ကြိမ်တိုင်ဖြစ်ပြီးနောက် ထပ်ပြီးမီးလောင်မှာကို စိုးရိမ်ပူပန်နေတယ်လို့ စျေးရောင်းချနေသူတွေဆီက သိရပါတယ်။

ပုဇွန်တောင်စျေးမှာ ဒီကနေ့မနက်ရှစ်နာရီကျော်က မီးလောင်မှုဖြစ်ခဲ့ရာ ပုဇွန်တောင်မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့တာမွေမြို့နယ်မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်းမီးငြိမ်းသတ်ခဲ့တာကြောင့် မီနစ်ပိုင်းအတွင်း မီးငြိမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မီးလောင်တဲ့အကြောင်းအရင်းနဲ့ဆုံးရှုံးမှုတန်ဖိုးကိုတွက်နေတုန်းပါ၊ အခုရက်ပိုင်းအတွင်း မီးလန့်မှုက နှစ်ကြိမ် မီးလောင်မှုက နှစ်ကြိမ်ရှိပါတယ်”လို့ သူကပြောပါတယ်။

ပုဇွန်တောင်စျေးကြီးအတွင်း စျေးရောင်းချသူတဦး​က.”မနေ့ညကလည်း မီးလန့်မှုဖြစ်သေးတယ်၊ အခုဆို ဘယ်တော့မီးထပ်လောင်မလဲဆိုပြီး တွေးပြီး စိတ်ပူနေရတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ ညပိုင်းကလည်း ပုဇွန်တောင်စျေးကြီးမှာ မီးလောင်ဖြစ်ခဲ့ရာ ပုဇွန်တောင်မီးသတ်စခန်းနဲ့တာမွေမီးသတ်စခန်းမှ မီးသတ်ယာဥ်တွေနဲ့ မီးငြိမ်းသတ်ခဲ့ရသေးတယ်လို့ စျေးသည်တဦးက ပြောပါတယ်။

“အဲ့ဒီတုန်းကလည်း ကိုယ်တွေမှာ စိတ်ပူနေရတာ ကိုယ်ဆိုင်များပါသွားမလား ဆိုပြီး၊ အခုဆို မီးသတ်ကားသံကြားတာနဲ့ ငါတို့မီးလောင်ပြီလားဆိုတဲ့ အတွေးတွေ ဝင်လာတယ်”လို့ ပြောပါတယ်။

ဒီလို မီးလောင်တာ မီးလန့်တာဟာ ဇွန်လ ၂၆ ရက်နဲ့ ဇူလိုင်လ ၁ ရက်၊ဇူလိုင်လ ၂ ရက် ညပိုင်းတွေမှာလည်း မီးလောင်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ မီးလောင်မှုဖြစ်ခဲ့တာလို့ စျေးရောင်းချနေသူတွေဆီက သိရပါတယ်။

“ပထမဦးဆုံးအကြိမ်လောင်တုန်းက ဝါယာရှော့ဖြစ်တာ၊ နှစ်ကြိမ်က မီးလန့်တဲ့အဆင့်၊ ဒီကနေ့ မနက်ကတော့ လောင်တာ ဘာကြောင့်လောင်မှန်းမသိဘူး”လို့ ပြောပါတယ်။

လက်တလောမှာ မီးလောင်မှုနဲ့မီးလန့်မှု လေးကြိမ်တိုင်တိုင်ဖြစ်ခဲ့တဲ့ ပုဇွန်တောင်စျေးကြီးအတွင်းမှာ ထပ်မံမီးလောင်မှာကို စိုရိမ်ပူပန်မှုတွေရှိနေတယ်လို့ စျေးရောင်းချနေသူတွေဆီက သိရပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်တနာရီဝန်းကျင်ကလည်း သာကေတမြို့နယ်က (၇)ရပ်ကွက်ဈေးမီးလောင်မှုဖြစ်ခဲ့လို့ Level 2 အဆင့်နဲ့မီးငြိမ်းသတ်ခဲ့ရပါသေးတယ်။

Photo-ဇူလိုင် ၁ ရက် ပုဇွန်တောင်စျေးမီးလန့်မှုပုံဟောင်း
#voiceofmyanmar #VOM #ရန်ကုန် #ပုဇွန်တောင်စျေး #မီးလောင်မီးလန့်

Related posts

Leave a Comment

VOM News

FREE
VIEW