အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေဆုံခဲ့မှု တိုးတက်မှုဖြစ်စဉ်လို့ PPST ပြော

ဇူလိုင် ၄-၂၀၂၂
SW(VOM)

နေပြည်တော်ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် H.E Prak Sokhoon ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့နဲ့ တွေ့ဆုံခဲ့ရာမှာ အပြုသဘောဆောင်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့အခြေအနေတွေအပေါ် အဖြေရှာတဲ့လမ်းမှာ တိုးတက်မှုဖြစ်စဉ်လို့ မြင်ကြောင်း NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ က ပြောပါတယ်။

“ဘာပဲပြောပြော ဒါပထမဆုံး NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့တွေ့တယ်။ ပြီးတော့မှ နိုင်ငံရေးပါတီတွေနဲ့တွေ့တယ်။ ဒါပေမယ့် အားလုံးကတော့ အလုံးစုံမပါဝင်နိုင်သေးဘူးပေါ့။ တွေ့လို့ရသလောက်အနေအထားပေါ်မှာ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်နိုင်တာတွေ၊ ဘယ်လိုမျိုးအကောင်အထည်ဖော်လို့ရမလဲ ဆိုတာတွေကတော့ အပြန်အလှန် သဘောထားတွေကို တင်ပြခွင့်ရတာကတော့ တိုးတက်မှုဖြစ်စဉ်လို့ မြင်တာပေါ့နော်” လို့ PPST ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းယဉ်ယဉ်စိုးက ပြောပါတယ်။

အဲဒီလို အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးကြတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့ဘက်က အချက် (၄) ချက်ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

PPST ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းယဉ်ယဉ်စိုးက “အဓိက ကတော့ ညှိနှိုင်းအဖြေရှာတဲ့ နိုင်ငံရေးအခင်းအကျင်းတွေ ပေါ်ပေါက်ဖို့ဆိုတဲ့ အနေအထားအပေါ်မှာ ကူညီပူးပေါင်းဆောင်ရွက်ပေးဖို့ပေါ့၊ ပြီးတော့မှ ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာဖို့ပေါ့နော် အဲဒါကို ဖော်ဆောင်ပေးဖို့၊ ပြီးတော့မှာ အရပ်သားလုံခြုံရေးနဲ့ လူသားချင်းစာနာမှုအထောက်ထားတွေပေါ့နော် ဒါတွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှ ကူညီဆောင်ရွက်ပေးနိုင်ဖို့ပေါ့၊ နောက်တစ်ခုက အမတို့က NCA ထိုးထားတဲ့အဖွဲ့တွေဆိုတော့ အဲဒီလို လက်မှတ်ရေးထိုးတုန်းက အသိသက်သေနိုင်ငံတွေပါဝင်ပါတယ်။ အဲဒီ အာဆီယံအနေနဲ့ လက်မှတ်ထိုးတုန်းက အသိသက်သေနိုင်ငံတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ပေါ့။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးခဲ့ပါတယ်”လို့ ပြောပါတယ်။

အလားတူ အာဆီယံအထူးကိုယ်စားလှယ်ဖက်ကလည်း လက်ရှိ တိုင်းပြည်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အပစ်အခတ်ရပ်ဆဲဖို့၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ ပတ်သက်ပြီးလည်း အမှန်တကယ်ဒုက္ခရောက်နေတဲ့သူတွေဆီကို အမှန်တကယ်ရောက်ရှိဖို့နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလို ဆွေနွေးချက်အပေါ် PPST ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းယဉ်ယဉ်စိုး ဆက်ပြောတာက “သူကတော့ ဗမာပြည်ကိုလာတာ ဒုတိယအကြိမ်လာတာပေါ့နော်။ ဒါပေမယ့် ဘာပဲပြောပြော အခုလို ပထမဆုံးအကြိမ် အမတို့နဲ့ တွေ့ဆုံကြတဲ့အခါ ဒီနေ့ဖြစ်ပျက်နေတဲ့ တိုင်းပြည်ရဲ့ အနေအထားတွေအပေါ်မှာ တစ်ဆင့်ချင်းပူးပေါင်းဆောင်ရွက်သွားနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါကတိုင်းပြည်ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးပဋိပက္ခ၊ လူသားချင်းစာနာမှုအထောက်အထားတွေ၊ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခဖြစ်စဉ်ချုပ်ငြိမ်းရေးအတွက်တော့ အမတို့ တွေ့ဆုံဆွေးနွေးပြီး သူ့သဘောထား၊ ကိုယ့်သဘောထား ဆွေးနွေးတင်ပြခွင့်ရတာကတော့ အပြုသဘောဆောင်တယ်လို့ မြင်ပါတယ်”လို့ ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်အနေနဲ့ တခြား NCA လက်မှတ်မရေးထိုးထားရသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိ၊မရှိကို မှတ်ချက်ပေးပြောကြားတာမရှိကြောင်းလည်း သူမက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ အာဆီယံဘုံသဘောတူညီချက် (၅)ချက်အပေါ် တစိုက်မတ်မတ် လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပြီး အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သက်တမ်းဟာ နောက်ထပ် (၆)လသာ ကျန်ရှိတော့တယ်လို့လည်း သိရပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ ဇူလိုင်၂ ရက်နေ့မှာ နိုင်ငံတကာ သံတမန်တွေဖြစ်တဲ့ ဩစတေလျ၊ အမေရိကန်၊ ဥရောပသမဂ္ဂ(European Union)နဲ့ ပြင်သစ် သံရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ်ဟာ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး USDP၊ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ မွန်ညီညွတ်ရေးပါတီ ()၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် စတဲ့ (၇) ပါတီနဲ့ တွေ့ဆုံခဲ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်လက်​ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး H.E Prak Sokhoonဟာ ပုဂံမှာကျင်းပမယ့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးအခမ်းအနားကိုလည်း နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တက်ရောက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီမတိုင်ခင် အာဆီယံအထူးသံဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ နစကကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇူလိုင်၂ ရက်နေ့မှာ နစကကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ညှိနှိုင်းရေးကော်မတီ (NSPNC)ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ NSPNC အဖွဲ့နဲ့ အာဆီယံ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုကြောင်း ခွင့်တောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံစဉ်ပြောခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA)လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့ဟာ နစက ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့အဖွဲ့တွေ ဖြစ်ကြောင်း သိရပြီး အဲဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ခွင့်ရတဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်ပါတယ်။

#voiceofmyanmar #VOM #အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေဆုံခဲ့မှု #တိုးတက်မှုဖြစ်စဉ်လို့ #PPSTပြော

Related posts

Leave a Comment

VOM News

FREE
VIEW