သီရိလင်္ကာမှာ လောင်စာဆီတရက်စာနီးပါးသာ ကျန်ရှိတော့တယ်လို့ စွမ်းအင်၀န်ကြီးပြော

ကိုလံဘို၊ ဇူလိုင်-၄-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ နှစ် ၇၀ အတွင်းအဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ လောင်စာဆီ ပြတ်လပ်မှုနဲ့ပတ်သက်ပြီး စွမ်းအင်၀န်ကြီးက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတွင်းမှာ လောင်စာဆီပုံမှန်၀ယ်လိုအားအတိုင်းရှိနေမယ်ဆိုရင်တောင် တရက်စာနီးပါးသာ ကျန်ရှိတော့တယ်လို့ စွမ်းအင်၀န်ကြီး Kanchana Wijesekera က ဇူလိုင် ၃ ရက်မှာပြောပါတယ်။

နိုင်ငံမှာ လောင်စာဆီ၊ အစားအစာနဲ့ ဆေးဝါးလိုမျိုးကုန်ပစ္စည်းတွေ တင်သွင်းဖို့အတွက် နိုင်ငံခြားငွေပေးဆောင်ဖို့ ရုန်းကန်နေရချိန်မှာ မရှိမဖြစ်မဟုတ်တဲ့ ယာဉ်တွေအတွက် လောင်စာဆီရောင်းချမှုကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ရပ်ဆိုင်းခဲ့ပါတယ်။

နိုင်ငံတွင်းမှာ ဒီဇယ် ၁၂၇၇၄ တန်နဲ့ ဓါတ်ဆီ ၄၀၆၁ တန်သာ ကျန်ရှိတော့ကြောင်း သီရိလင်္ကာ စွမ်းအင်၀န်ကြီး Kanchana Wijesekera ကသတင်းထောက်တွေကို ပြောပါတယ်။

နောက်ထပ် လောင်စာဆီတင်သွင်းမှုက ဇူလိုင် ၂၂ ရက်နဲ့ ၂၃ ရက်ကြား ရောက်ရှိမယ်လို့ မျှော်မှန်းထားကြောင်း သူကပြောပါတယ်။

သီရိလင်္ကာ ဗဟိုဘဏ်ဟာ လောင်စာဆီ၀ယ်ယူဖို့အတွက် ဒေါ်လာ ၁၂၅ သန်းသာ ပေးနိုင်မှာဖြစ်ပြီး စီစဉ်ထားတဲ့ ၀ယ်ယူမှုတွေအတွက် လိုအပ်တဲ့ ဒေါ်လာ ၅၈၇ သန်းထက် များစွာလျော့နည်းနေပါတယ်။

ယခုနှစ်အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ လောင်စာဆီ၀ယ်ယူမှုတွေမှာ ပေးသွင်းသူခုနှစ်ဦးထံ ဒေါ်လာသန်း ၈၀၀ ထိ အကြွေးတင်ခဲ့ကြောင်း စွမ်းအင်၀န်ကြီး Kanchana Wijesekera ကထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW