နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဒီပဲယင်းနယ်က ရွှေဘိုပေါ်ဆန်းစပါး မျိုးတုန်းတော့မယ့်အခြေအနေကြုံတွေ့နေ

ဇူလိုင် ၅-၂၀၂၂
Voice Of Myanmar

စစ်ကိုင်းတိုင်းအတွင်း စပါးစိုက်ပျိုးမှုအများဆုံးဖြစ်တဲ့ ရွှေဘိုခရိုင်၊ ဒီပဲယင်းနယ်မှာ ဒေသ‌အခေါ် ဘေးကြားလို့ခေါ်တဲ့ ရွှေဘိုပေါ်ဆန်းစပါးကို အဓိကစိုက်ပျိုးကြတာဖြစ်ပါတယ်။

လက်ရှိ ဒီပဲယင်းမြို့နယ်မှာ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတာကြောင့် ဧကပေါင်း သောင်းနဲ့ချီပြီး မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေကြပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပေါ်နေပြီး စစ်တပ်ကကျေးရွာတွေကို မကြာခဏဝင်ရောက်နေမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် စပါးစိုက်ပျိုးနိုင်ခြင်းမရှ်ိဘဲ ဖြစ်နေရတယ်လို့ ဒေသခံတောင်သူတဦးပြောပါတယ်။

ဒါ့အပြင် ကျေးရွာတွေ မီးရှို့ခံရတဲ့အခါမှာ နေအိမ်တွေအပြင် ဝမ်းစာစပါး၊မျိုးစပါးတွေကအစ မီးလောင်ဆုံးရှုံးခဲ့ကြရတာကြောင့် စပါးစိုက်ပျိုးဖို့ထက် စားဖို့အတွက်တောင် ခက်ခဲနေကြတယ်လို့လည်း ပြောဆိုကြပါတယ်။

တချို့တောင်သူတွေမှာ စိုက်ပျိုးဖို့အဆင့်သင့်ပြင်ဆင်ထားပြီးဖြစ်ပေမယ့် နေအိမ်နဲ့စုဆောင်းထားသမျှအားလုံး မီးရှို့ခံရပြီး အဆမတန်မြင့်တက်နေတဲ့ သွင်းအားစုတွေကြောင့် ဆက်လက်မစိုက်ပျိုးနိုင်တော့တဲ့ တောင်သူတွေလည်း အများအပြားရှိနေပါတယ်။

အခုလိုအခြေအနေတွေကြောင့် ရေရှည်မှာဆိုရင် ဒီပဲယင်းမြို့နယ်မှာ ရွှေဘိုပေါ်ဆန်းစပါးဆိုတာကို စာရွက်ထဲမှာချရေးကြည့်ရမယ့်အဖြစ်မျိုးနဲ့ ကြုံတွေ့လာနိုင်တယ်လို့လည်း တောင်သူတွေကပြောပါတယ်။

ဒါ့ကြောင့် တောင်သူတွေ စပါးမစိုက်ပျိုးနိုင်ခြင်းဟာ မိသားစုစားဝတ်နေရေးတွေအပြင် တိုင်းပြည်ရဲ့စားနပ်ရိက္ခာပါပြတ်လပ်လာနိုင်တာကြောင့် နိုင်ငံရေးအမြန်ဆုံးတည်ငြိမ်အေးချမ်းဖို့ တောင်သူတွေကလိုလားနေကြပါတယ်။

#voiceofmyanmar #VOM #ဒီပဲယင်း

Youtube Link – https://youtu.be/HOtZEj1NzqU

Related posts

Leave a Comment

VOM News

FREE
VIEW