ရခိုင်မှာ အခုရက်ပိုင်းအတွင်း မိုင်းပေါက်ကွဲမှု(၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံး၊ တဦးဒဏ်ရာရ

ဇူလိုင် ၄- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်မှာ ဇူလိုင်လအစပိုင်း ရက်တွေအတွင်း မိုင်းပေါက်ကွဲမှု သုံးကြိမ်ထိရှိလာပြီး သေဆုံးသူ (၂) ဦးနဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ဆေးရုံရောက်နေသူ တဦးရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့ နေ့လယ် ၂ နာရီကျော်လောက်က ကျောက်တော်မြို့နယ်၊ အပေါက်ဝတိုက်နယ်ဆေးရုံမှာ မိုင်းထိလူနာတဦး ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကို ပို့ဆောင်ဖို့ဆောင်ရွက်နေချိန် ကုသမှုခံယူနေရင်း သေဆုံးသွား​တယ်လို့ သိရပါတယ်။

သူဟာ ကျောက်တော်မြို့နယ်၊ မျာလီကန်ကျေးရွာသားတဦးဖြစ်ပြီး ဦးစွန်းတောင်နဲ့ ကျောက်တော်အခြေစိုက် တပ်ရင်းတစ်ခုအနီးက နွားတွေကို သွားရောက်လိုက်ယူရာက မြေမြုပ်မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်ပြီး ခြေထောက်တစ်ဖက် ပြတ်ထွက်သွား​တယ်လို့ သိရပါတယ်။

မျာလီကန်ကျေးရွာသား ဦးလှမောင် (၃၅) နှစ်မှာ ဘယ်ခြေထောက် ဒူးအောက်ပိုင်း ပြတ်ထွက်ဒဏ်ရာ၊ ညာခြေ ကြွက်သားတွေ ပွင့်ထွက်ဒဏ်ရာတွေရရှိသွားပြီး အပေါက်ဝဆေးရုံမှာ ကုသမှုခံယူနေချိန် သေဆုံးသွားတာဖြစ်​တယ်လို့ သိရပါတယ်။

အလားတူ မနေ့ ဇူလိုင် ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ အထက် ခချီးမြောင်ကျေးရွာမှာ မြေမြုပ်မိုင်းနင်းမိပြီး အသက် (၂၅) နှစ်အရွယ် ချင်းအမျိုးသားတဦး ခြေထောက်တစ်ဖက်ပြတ်ထွက် ဒဏ်ရာရရှိကာ မင်းပြားဆေးရုံမှာ ဆေးကုသနေရ​တယ်လို့ သိရပါတယ်။

အထက်ခချီးမြောင်ကျေးရွာက အသက် (၂၅) နှစ်အရွယ် ချင်းအမျိုးသား ကိုမောင်လှထွန်း (ခ) ဟော်ခေါ် လိသစောဟာ မြေမြုပ်မိုင်းပေါက်ကွဲတာကြောင့် ဒဏ်ရာရရှိသွားတာဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတဦးက “အခုနောက်ပိုင်း ကျနော်တို့ ရခိုင်ပြည်နယ်မှာ မိုင်းပေါက်ကွဲမှုတွေ အဖြစ်များလာတယ်။ ဒါကြောင့် စစ်တပ်စခန်းတွေရှိတဲ့ တောတောင်တွေကို မသွားကြဖို့ အေအေက စာထုတ်ထားတာရှိပါတယ်။ မနေ့က ကိုမောင်လှထွန်းက ရွာအနီးကတောင်မှာ ဝါးသွားခုတ်တဲ့အခါ မိုင်းနင်းမိတာလို့သိရတယ်” လို့ ပြောပါတယ်။

အခုလိုမျိုး ပြည်နယ်တွင်း မိုင်းဒဏ်ကြောင့် လစဉ်လိုလို မြေမြုပ်မိုင်းပေါက်ကွဲမှုတွေဖြစ်နေပြီး လူသေဆုံးထိခိုက်မှုတွေလည်း မြင့်တက်လာတာကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နာရေးကူညီမှုအသင်းအဖွဲ့တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပူးပေါင်းကာ ပညာပေးအစီအစဉ်တွေ ဆောင်ရွက်သင့်​တယ်လို့ ထောက်ပြသူတွေလည်း ရှိနေပါတယ်။

ကျောက်တော်မြို့နယ်အတွင်း နာရေးကူညီမှုတက်ကြွလှုပ်ရှားသူ ကိုဇော်ထွန်းက “ဒီလို လယ်ကွင်းတွေမှာ မိုင်းတွေ လိုက်ထောင်တာကတော့ မကောင်းဘူးလို့မြင်တယ်။ ကျနော်တို့ တွေ့ရသလောက် နွားကျောင်းသွားရင်း၊ လယ်ထွန်းဖို့သွားရင်းဖြစ်တာတွေကြားနေရတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် သဘောမကျပါဘူး။ ဒီဖက်မှာက မိုင်းနဲ့ပတ်သက်ပြီး အစည်းအဝေးတွေ၊ ပညာပေးအစီအစဉ်တွေလုပ်တာလည်း မမြင်မကြားမိပါဘူး။ ဒါတွေက လုပ်သင့်တယ်လို့ ထင်တယ်”လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရသေဆုံးသူတွေဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ ဒေသခံလက်လုပ်လက်စား ကျေးလက်နေပြည်သူတွေသာဖြစ်နေတဲ့အတွက် လက်ရှိအခြေအနေတွေဟာ မဖြစ်သင့်ကြောင်းနဲ့ တာဝန်ရှိသူတွေအနေနဲ့ မိုင်းရှင်းလင်းရေးတွေ အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း ထောက်ပြဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လ (၂) လအတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသူ (၅) ဦးနဲ့ ဒဏ်ရာရသူ (၅) ထိရှိကာ အဲဒီထဲမှာ ဒေသခံရွာသားတွေနဲ့ စစ်ဘေးရှောင်တွေလည်း ပါဝင်​တယ်လို့ သိရပါတယ်။

ရခိုင်နဲ့ချင်းမှာ ပြီးခဲ့တဲ့ မေလကနေ ဒီကနေ့အထိ မြေမြုပ်မိုင်းပေါက်ကွဲမှု (၁၀) ကြိမ်နဲ့အထက်ရှိပြီး ပေါက်ကွဲမှုအကြိမ်တိုင်းမှာ လူထိခိုက် ဒဏ်ရာရ၊ သေဆုံးမှုတွေရှိနေတာ ဖြစ်ပါတယ်။

Photo-ATG (FB)
#voiceofmyanmar #VOM #ရခိုင် #မိုင်းပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW