ရွှေပြည်သာမှာ ဆောက်လက်စနှစ်ထပ်တိုက်ပြိုကျပြီး အလုပ်သမား ၇ ဦးဒဏ်ရာရ

ဇူလိုင် ၄၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၅ ရပ်ကွက်၊ ပတ္တမြားလမ်းမှာ ဒီကနေ့မနက်ပိုင်းက ဆောက်လက်စနှစ်ထပ်တိုက် ပြိုကျလို့ အလုပ်သမား ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီကျော်က ရွှေပြည်သာမြို့နယ် ပတ္တမြားလမ်းက ဆောက်လက်စ ပေ ၂၀x၆၀ပေ Steel Structure (၂)ထပ် အဆောက်အဦးရဲ့ အနောက်ဘက်အခြမ်း ပေ၂၀ ခန့် ပြိုကျခဲ့လို့ အလုပ်သမား ၇ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ရွှေမေတ္တာအခမဲ့လူမှုရေးအသင်းက တာဝန်ရှိ
သူတဦးက VOM ကို ပြောပါတယ်။

“စလပ်လောင်းနေရင်း ပြိုကျတာလို့ ပြောတယ်၊ အမျိုးသမီးတယောက် အမျိုးသားခြောက်ယောက်ပါ ဒဏ်ရာရတာ”လို့ ပြောပါတယ်။

တိုက်ပြိုကျရာနေရာကို မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့ပရဟိတအဖွဲ့များက ပူးပေါင်းကာ ဒဏ်ရာရသူတွေကို အင်းစိန်ဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

“အင်းစိန်ဆေးရုံမှာ မိန်းကလေးတယောက်နဲ့ ယောင်္ကျားလေးတယောက် ရန်ကုန်ဆေးရုံကြီးကို ယောင်္ကျားလေး ၅ယောက် We Love Care အဖွဲ့က ကူညီပြီးပို့ပေးပါတယ်၊ အခြေအနေကတော့ သိပ်မစိုးရိမ်ရပါဘူး”လို့ ပြောပါတယ်။

လက်တလောမှာ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ တိုက်ပြိုကျရာနေရာမှာ ထပ်မံပိတ်မိနေသူများ ရှိ/မရှိ ရှာဖွေနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နှစ် အောက်တိုဘာ ၁၅ ရက်ကလည်း
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၊ ၆ ရပ်ကွက်၊ မေယုလမ်းထိပ်က ဆောက်လုပ်စတိုက်တလုံးပြိုကျခဲ့ရာ လူ၃ဦးသေဆုံးခဲ့ပြီး ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

Photo- MFSD၊ ပရဟိတအဖွဲ့
#voiceofmyanmar #VOM #ရန်ကုန် #ဆောက်လက်စတိုက်ပြိုကျ

Related posts

Leave a Comment

VOM News

FREE
VIEW