ဝက်လက်မြို့နယ်မှာ စစ်ကြောင်းတွေ ပြန်ဝင်လာတာကြောင့် တိုက်ပွဲငယ်တွေဖြစ်

ဇူလိုင် ၄ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာတချို့ဘက်ကို ဒီလ ၂ ရက်ညကစလို့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အတွက် ဒေသခံ PDF အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ပွားပြီး ရွာခံပြည်သူတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတာဖြစ်တယ်လို့ ဝက်လက်ဒေသခံတွေဆီက သိရပါတယ်။

” အခုလ ၂ ရက်နေ့ညက မင်းရွာဘက်ကို စစ်ကြောင်းဝင်လာတယ် ၊ မနေ့ကတော့ အဲ့ဒီစစ်ကြောင်းနဲ့ ရွာဘက်က PDF တွေအကြား ပစ်ခတ်တာတွေဖြစ်ပေါ်ခဲ့တာပါ ၊ ရွာတွေမှာတော့ လူတွေမရှိကြတော့ဘူး ၊ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် ” လို့ ဝက်လက်နယ် မင်းရွာ ဒေသခံ တယောက်က ပြောပါတယ်။

မနေ့က ဝက်လက်နယ် မင်းရွာဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေမှာ PDF အဖွဲ့တွေက သူတို့ရဲဘော် ၁၁ ယောက် ကျဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာမျိုး လူမှုကွန်ယက်မှာ တွေ့ရပေမယ့် စစ်ကြောင်းဘက်က ထိခိုက်ဒဏ်ရာရတာ ၊ သေဆုံးတာတွေ ထုတ်ပြန်ထားတာ အခုထိတော့ မတွေ့ရသေးပါဘူး ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်ကစလို့ ရွှေဘိုနဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ကုလားမ၊ လက်ကောက်ကျ၊ မန်ကျည်းသုံးပင်၊ ပုလဲသွယ်၊ ဆားတောင်ကြီး၊ ခွေးတက်ကြီး၊ စခန်းသာ၊ ရွာသစ်ကုန်း၊ သဲကျွန်း၊ ဂွေးပင်ကုန်း၊ ထနောင်းကိုင်း၊ မခေါက်၊ ရှားကွဲ၊ ထုံးဘိုကုန်း၊ သစ်ဆိမ့်၊ မြင်းကုန်း၊ ငါးကြင်းအိုင်၊ ဟံလင်း၊ ငါးပိအိုး၊ ကံကြီးတော့၊ တကန်သာ၊ ကြိုးကြာ၊ ဇောက်ညမ်းကုန်း၊ ဟင်္သာကြီး၊ ရွှေကျင်၊ မောင်းတပ်၊ ဆည်ကြီး၊ သရက်ပင်ဆိပ်၊ ငါးပတ်ချောင်း၊ မှော်ဦး၊ ရေလည်မော်၊ ကမ်းဖြူ၊ ရွာသာ စတဲ့ ရွာတွေဘက်ကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတုန်းက စစ်ကြောင်းဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး ဒေသခံ တယောက်က ” စစ်ကြောင်းလာတယ်လို့ သတင်းကြားရင် တရွာလုံး ထွက်ပြေးရတယ် ၊ မပြေးပဲ ရွာမှာကျန်နေခဲ့တယ်ဆိုရင် ကျန်ခဲ့သူက ဒလန်လို့ သတ်မှတ်ခံရတယ် ၊ ရွာပစ်ပြီး ပြေးပြန်တော့လည်း ပြေးတဲ့သူတွေကို PDF လို့ စွပ်စွဲခံရပြန်တယ် ၊ ရွာမှာက ၂ ဖက်စလုံး ကြောက်နေရတာဆိုတော့ အများနည်းတူ ပြေးရတာဖြစ်တဲ့အတွက် ကလေးတွေ ကျောင်းမအပ်ရသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာပေါင်း ၃၀ ကျော်မှာ အကြမ်းဖျင်းအားဖြင့် ကျောင်းမအပ်နိုင်သေးတဲ့ ကလေးပေါင်း ၂ ထောင်ရဲ့အထက် မှာရှိနိုင်တယ်လို့ တိုက်ပွဲရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါသေးတယ်။

အဲ့ဒိအပြင် ဝက်လက်မြို့နယ်ထဲကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတာဟာ ပြီးခဲ့တဲ ဇွန်လ ၂ ရက်နေ့ ၁ ကြိမ် နဲ့ အခုလ ၂ ရက်ညက တကျော့ပြန် နောက် ၁ ကြိမ် ပြန်လည်ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝက်လက် #တိုက်ပွဲရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW