ရေနံစိမ်းအထွက်များတဲ့ ကျွန်းလှမှာ ပို့ဆောင်ရေးလမ်းကြောင်း မကောင်းတာကြောင့် ကုန်သည်တွေ အခက်တွေ့နေ

ဇူလိုင် ၊ ၅ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ် ၊ သဖန်းဆိပ်ဆည်ရဲ့အနောက်ဘက်ဒေသဖြစ်တဲ့ နေရာတွေမှာ ရေနံစိမ်းထွက်ရှိမှု ပမာဏ အလွန်ကောင်းမွန်ပြီး လက်ယက်တွင်းစနစ်နဲ့ နေ့တိုင်း ထုတ်လုပ်နေပေမယ့် ရရှိလာတဲ့ ရေနံစိမ်းတွေကို သယ်ယူပို့ဆောင်တဲ့အခါ လမ်းတလျှောက် အခက်အခဲတွေရှိနေတယ်လို့ ရေနံစိမ်းကုန်သည်တွေဆီက သိရပါတယ်။

” ကျွန်းလှမြို့နယ်ဟာ မြေပေါ် မြေအောက် သယံဇာတ ထွက်တယ်၊ ရွှေမဲလို့ခေါ်တဲ့ ရေနံစိမ်းတွေကို မော်ကယ် ဒေသဘက်က ထွက်နေသလို သဖန်းဆိပ်ဆည် ပတ်လည်မှာက ရွှေထွက်တယ် ၊ မြေအောက် သယံဇာတ မထွက်တဲ့နေရာတွေက သစ်တောထွက် သယံဇာတတွေထွက်တယ် ၊ နယ်မြေဒေသဖွံဖြိုးရေးအတွက် စပွန်မြေဇာကောင်းတာကြောင့် စီးပွားရေးသမားတွေက မျက်စိကြတယ် ၊ ဒါပေမယ့် ထွက်ရှိလာတဲ့ ကုန်ကြမ်းမှန်သမျှ စျေးကွက်ထဲရောက်ဖို့ဆိုတာ သယ်ယူပ်ို့ဆောင်ရေး ကဏ္ဍက အရေးကြီးတယ် ၊ အခုဟာက သယ်ယူပို့ဆောင်ရေးအတွက် အခက်တွေ့နေရတာ ” လို့ ဒေသခံ ရေနံစိမ်းကုန်သည်တယောက်က ပြောပါတယ်။

ကျွန်းလှမြို့နယ် ၊ မော်ကယ်ဒေသဘက်က ထွက်လာတဲ့ ရေနံစိမ်းတွေကို ရေနံချက်လုပ်ငန်းတွေ စုဝေးတည်ရှိတဲ့ မုံရွာ ကျောက္ကာ ရေနံချက်ဇုန်ဆီကိုသယ်ယူပို့ဆောင်တဲ့အခါ လမ်းမှာ ဖမ်းဆီးတာတွေ ၊ ကားတစ်စီးလုံးမှာ ပါလာတဲ့ ကုန်ပစ္စည်းဖိုးအထက် ပိုပြီး ငွေကြေးပေးဆောင်ဖို့ တောင်းရမ်းခံရတာတွေကြောင့် အဆင်မပြေဘဲ အခက်တွေ့နေရတာဖြစ်တယ်လို့ ကုန်သည်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီလို အခက်အခဲတွေနဲ့ပတ်သက်ပြီး ရေနံစိမ်း သယ်ယူပို့ဆောင်ပေးနေတဲ့ ကားသမားတယောက်က ” လမ်းမှာ တောဘက်ရော မြို့ဘက်ပါ အဆင်ပြေအောင် ဆက်ဆံရတယ် ၊ တောဘက်က ဖမ်းရင် ကားပါမီးရှို့ပစ်တယ် ၊ မြို့ဘက်က ဖမ်းရင် ကားပါသိမ်းတယ် ၊ လိုင်းကြေးဆိုတာ ပေါက်စျေးမရှိတဲ့အတွက် တောင်းသလောက်ပေးနေရတာပါ ၊ အလုပ်အကိုင် ရှားပါးနေတဲ့ ကာလမှာ နေ့တွက်သာသာနဲ့ ရင်းနှီးထားတဲ့ငွေ ပင်ပန်းခလောက်ပဲ ကျန်တယ် ၊ အဲ့ဒါကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ အဆင်မပြေဘူး ၊ ခက်ခဲတယ် ” လို့ ပြောပါတယ်။

ကျွန်းလှမြို့နယ်ထဲက လက်တလောဖြစ်ပေါ်နေတဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ မြို့ခံ စီးပွားရေး လုပ်ငန်းရှင် တဦးက ” ကျွန်းလှမြို့နယ်က ကောလင်း ၊ ပင်လည်ဘူး ၊ ဗန်းမောက်နယ်က တဆင့် ကချင်ပြည်နယ်KIA နယ်မြေတွေအထိ ဆက်စပ်နေတယ် ၊ ကျေးရွာအုပ်စုပေါင်း ၃၈ အုပ်စုရှိတယ် ၊ မြို့ဘက်အဖွဲ့က မြို့ပေါ် ၄ ရပ်ကွက်နဲ့ ၇ မိုင်ပတ်လည်က ကျေးရွာအုပ်စု ၅ အုပ်စုကိုပဲ စိုးမိုးထားတယ် ၊ ကျန်တဲ့ ကျေးရွာအုပ်စု ၂၉ အုပ်စုက တောဘက်က နေရာယူထားတယ် ၊ အရင်က မြို့ဘက်အဖွဲ့တွေက ဥပဒေနဲ့အညီ ခွင့်ပြူရင် စီးပွားရေး လုပ်ကိုင်စားလို့ရတယ် ၊ အခု လက်ရှိ အခြေအနေက မြို့ဘက်ရော တောဘက်ပါ အဖွဲ့အစည်းအားလုံး ကြောက်နေရတဲ့အတွက် အဆင်မပြေဘူး ၊ လုပ်ငန်းအားလုံး ခက်ခဲတာတွေ ရှိတယ် “လို့ ပြောပါတယ်။

ပြီးခဲတဲ့နှစ် ၂၀၂၁ ခုနှစ်ကလည်း ကျွန်းလှမြို့နယ် စုပေါင်းရုံးရှေ့က လက်ဘက်ဆိုင်မှာ ပေါက်ကွဲ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ဗိုလ်မှူး ၁ ယောက် အပါအဝင် လူ ၃ ယောက်သေဆုံးကာ ဒဏ်ရာရသူ ၇ ယောက်ထက်မနည်း ရှိခဲ့တဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ကျွန်းလှ #ရေနံစိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW