လက်ပန်းတောင်းဒေသက စစ်ဘေးရှောင်တွေအနေနဲ့ မုံရွာမြို့ပေါ်မှာ အိမ်ငှားနေထိုင်ဖို့အခက်အခဲဖြစ်နေ

ဇူလိုင် ၆-၂၀၂၂
Voice Of Myanmar

ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်လောက်ကစတင်ပြီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပန်တောင်း‌ဒေသက ကျေးရွာတွေကို စစ်တပ်ကစစ်ကြောင်းတွေဝင်ရောက်နေတာဖြစ်ပြီး အဲ့ဒီအခြေအနေမှာ ဒေသခံတွေအနေနဲ့ နေအိမ်တွေငိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဲ့ဒီဒေသမှာ ဒီကနေ့အချိန်ထိ နယ်မြေတည်ငြိမ်မှုမရှိသေးတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ရွာတွေကိုမပြန်ရဲသေးဘူးလို့ပြောကြပါတယ်။

စစ်ဘေးရှောင်တချို့ကတော့ တောတွေထဲမှာ အခက်အခဲမျိုးစုံနဲ့နေထိုင်နေကြသလို တချို့က ချင်းတွင်းမြစ်တဖက်ကမ်း မုံရွာမြို့ပေါ်က ဆွေမျိုးသားချင်းအိမ်တွေမှာ ခိုလှုံနေကြရတာလည်းဖြစ်ပါတယ်။

တချို့မိသားစုဝင်များတဲ့စစ်ဘေးရှောင်တွေဟာ ဘယ်အချိန်မှ ရွာပြန်ရမှန်းမသိတာကြောင့် မြို့ပေါ်မှာ ယာယီအိမ်ငှားနေထိုင်ဖို့ ကြိုးစားလာကြပါတယ်။

ဒါပေမယ့်လက်ရှိအချိန်မှာ စစ်ဘေးရှောင်တွေအတွက် ငှားရမ်းနေထိုင်ခွင့်ပေးမယ့် အိမ်ရှင်ဆိုတာဟာ မရှိသလောက်ရှားပါးနေတယ်လို့ အိမ်ငှားရှာတဲ့စစ်ဘေးရှောင်တချို့ကပြောပါတယ်။

မုံရွာမြို့က အိမ်ငှားစားသူတွေအနေနဲ့လည်း နိုင်ငံရေးအပြောင်းအလဲစဖြစ်ကတည်းက အိမ်ငှားအလုပ်တွေအဆင်မပြေတော့ဘဲ အခုလက်တလောမှာတော့ အိမ်ငှားသူတွေပေါလာတယ်လို့ ပြောပါတယ်။

အခုလိုအိမ်ငှားသူတွေပေါလာပေမယ့် အများစုဟာ စစ်ဘေးရှောင်တွေဖြစ်နေတာကြောင့် မငှားရဲကြဘူးလို့ အိမ်ရှင်တဦးကပြောပါတယ်။

အိမ်ငှားသူတွေဟာ နိုင်ငံရေးအကြောင်းတခုခုနဲ့ဆက်စပ်နေသူတွေဆိုရင် စစ်တပ်ကဝင်ရောက်စစ်ဆေးတဲ့အခါ နေအိမ်တွေချိတ်ပိတ်သိမ်းဆည်းခံရမှာစိုးရိမ်တဲ့အတွက် မငှားရဲတာဖြစ်တယ်လို့လည်းပြောပါတယ်။

ဒါကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ဒုက္ခတွေလည်းကင်းဝေးပြီး အလုပ်အကိုင်တွေ ပုံမှန်အတိုင်းပြန်လည်ပတ်နိုင်ဖို့ နိုင်ငံရေးအမြန်ဆုံးတည်ငြိမ်ဖို့ကို လိုလားတောင့်တနေကြတာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #လက်ပန်တောင်း #စစ်ဘေးရှောင် #မုံရွာ #အိမ်ငှား

YouTube Link – https://youtu.be/EvHwKa83QSw

Related posts

Leave a Comment

VOM News

FREE
VIEW