လက်ပံတောင်းဘက်ကို စစ်ကြောင်းဝင်လို့ဒေသခံတွေ မုံရွာဘက် တိမ်းရှောင်လာ

ဇူလိုင် ၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ လက်ပံတောင်းဒေသဘက်ကို မနေ့ ဇူလိုင် ၅ ရက် မနက်အစောပိုင်းကစလို့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတဲ့အတွက် ဒေသခံ ပြည်သူတွေဟာ ချင်းတွင်းမြစ်ကို ဖြတ်ကျော်ပြီး မုံရွာဆိပ်ကမ်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာတယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က ၁ ရက်တည်း ပြောင်းလာတဲ့သူ ၃ ထောင်ကျော်လောက်ရှိတယ် ၊ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ဝင်လာတဲ့သူတွေနဲ့ဆိုရင် မုံရွာနယ်ထဲမှာ လက်ပံတောင်းဘက်က တိမ်းရှောင်လာတဲ့သူ လူဦးရေ ၁ သောင်းကျော်ရှိမယ်.” လို့ မုံရွာမြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ဇူလိုင် ၅ ရက် ၊ မနေ့က မနက်အစောပိုင်းကစလို့ ဆားလင်းကြီးနယ်ဘက်ကို ဝင်ရောက်လာတဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေဟာ လက်ပံတောင်း ဒေသဖြစ်တဲ့ ဆည်တည်းရွာဟောင်း ၊ ကျောက်ဖြူတိုင် ၊ ခြောက်တင်းကျ ၊ ေရခါး စတဲ့ ရွာတွေဘက်ကို ခြေလျင်ဝင်ရောက်လာတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“မနက်အစောကြီး ၆ နာရီဝန်းကျင်မှာ စစ်ကြောင်းအဖွဲ့က ရွာဘက်ကို ရောက်လာတယ် ၊ သူတို့ စစ်ဆေးစရာရှိတာကို စစ်ဆေးတယ် ၊ နေ့ခင်းပိုင်းအထိတော့ ရွာနဲ့ လူတွေကိုတော့ ရန်ပြုတာမရှိသေးဘူး ၊ ဇွန်လကုန်ပိုင်းက စစ်ကြောင်းဝင်ပြီးနောက်ပိုင်း အိမ်တွေမီးရှို့ခံရတာနဲ့ လူသေ အလောင်းတွေ တွေ့ရတော့ ကြောက်ပြီး ရွာကလူတွေလည်း မနေရဲတာကြောင့် မုံရွာဘက်ကို ပြေးကြတယ် ” လို့ ကျောက်ဖြူတိုင် ရွာခံ တယောက်က ပြောပါတယ်။

​ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လကစလို့ ဆားလင်းကြီးမြို့နယ်ထဲက ဝါးတန်း ၊ ဖောင်းကား ၊ မိုးကြိုးပြင် ၊ လင်းစားကျက် ၊ တုံ ၊ တောကျောင်း စတဲ့ရွာတွေက လူနေအိမ်တချို့နဲ့ ရာသီပေါ် သီးနှံထားရှိသိုလှောင်တဲ့ တဲတွေအပြင် နွားစာတိုက်တဲတွေပါ မီးလောင်ခဲ့တာဖြစ်ပြီး အဲ့ဒီလို မီးလောင်ခဲ့တဲ့ အဆောက်အဦးပေါင်းဟာ ၂ ရာနီးပါးရှိပြီး ၊ အသတ်ခံထားရလို့ သေဆုံးနေတဲ့ ရုပ်အလောင်းကလည်း ဒါဇင်ဝက်နီးပါးတွေ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #လက်ပံတောင်း #စစ်ကြောင်းဝင်လို့တိမ်းရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW