တမူးမှာ အိန္ဒိယနိုင်ငံသား တမီးလူမျိုး ၂ ယောက် ပစ်သတ်ခံရပြီးနောက် ဒီကနေ့မှာ တမူး – မိုးရေး နေ့စဥ် ကုန်စည်စျေးကွက်ပျက်

ဇူလှိုင် ၊ ၇ ၊ ၂၀၂၂
SP (VOM)

မြန်မာနိုင်ငံရဲ့ အနောက်မြောက် နယ်စပ်ကုန်သွယ်ရေး ဇုန်တခုဖြစ်တဲ့ ၊ စစ်ကိုင်းတိုင်း တမူးမြို့ ၊ တမူး – မိုးရေး နယ်စပ်ကုန်သွယ်ရေးရဲ့၊ နေ့စဥ် ကုန်သွယ်နေတဲ့ စျေးကွက်တွေဟာ ဒီကနေ့မနက်မှာတော့ တိတ်ဆိတ်ငြိမ်သက်နေတယ်လို့ တမူး မိုးရေး စျေးသည်တွေဆီက သိရပါတယ်။

” မိုးရေးတမြို့လုံး ငြိမ်သက်နေတယ် ၊ တမူးဘက်က စျေးရောင်း စျေးဝယ် သွားလာတဲ့သူတွေ မရှိသလို ၊ တမူး – မိုးရေးရဲ့ နေ့စဥ် ကုန်စည်စျေးကွက်ဟာလည်း ဒီကနေ့အဖို့ ပျက်နေသလို မြင်ရတယ် ” လို့ တမူးမြို့ခံ နန်းဖာလုံစျေးသည့်တယောက်က ပြောပါတယ်။

ဒါ့အပြင် တမူးမြို့၊ စော်ဘွားရပ်ကွက်မှာနေတဲ့ စျေးသည်တစ်ဦး က ” တမူးဘက်ကတော့ ပုံမှန်အတိုင်းပါပဲ ၊ စျေးလည်းဖွင့်တယ် ၊ လူသွား လူလာတွေလည်း တွေ့ရတယ် ၊ မိုးရေးဘက်ကိုတော့ သွားတာ လာတာ မမြင်ရဘူး. ” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ မိုးရေးမြို့ခံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ကုန်သည် ဦးဂျမားက

” ဒီလ ၅ ရက်နေ့က တမူးဘက်မှာ ပစ်သတ်ခံရတဲ့ ၊ မိုးရေးမြို့က အိန္ဒိယနိုင်ငံသား ၂ ယောက်ကိစ္စကြောင့် ဒီမနက် နယ်စပ် စျေးကွက်က ၊ ပျက်နေရတာပါ ၊ မိုးရေးမှာ အိမ်ငှားနေထိုင်တဲ့ ၊ အထောက်အထားမဲ့ မြန်မာ အိမ်ခြေ ၈၀ ကျော်ဟာလည်း မနေ့ကတည်းက အိမ်တွေပိတ်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်သွားကြပြီ ၊ သေဆုံးသူ ၂ ယောက်ရဲ့ အလောင်းကို ပြန်မရ မချင်း ၊ ဒီကိစ္စက အေးသွားမယ့် အနေအထားမှာ ရှိမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ တမူးမြို့ဘက်မှာ အသတ်ခံရတယ်ဆိုတဲ့ အိန္ဒိယနိုင်ငံသား ၂ ယောက်နဲ့ပတ်သက်လို့ မနေ့ ဇူလှိုင် ၆ ရက် ၊ နေ့ခင်းပိုင်းက မိုးရေးမြ်ို့မှာနေထိုင်တဲ့ လူတွေဟာ စုဝေးပြီးတော့ မိုးရေး ရဲစခန်းရှေ့မှာ လူသတ်တရာခံ ဖော်ထုတ်လွှဲပြောင်းပေးရေး ၊ သေဆုံးသူ ၂ ဦးရဲ့ ရုပ်အလောင်းတွေ ပြန်လည်ရရှိဖို့ ညှိနှိုင်း လုပ်ဆောင်ပေးရေး အတွက် သေဆုံးသူရဲ့ မျိုးနွယ်တွေက ဆန္ဒပြ အရေးဆိုခဲ့ပါတယ် ၊ အဲ့ဒီ အကြောင်းကို အိန္ဒိယ သတင်းဌာနတွေက တာရိုက်လွှင့်ထုတ်တာတွေ ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူရဲ့ မျိုးနွယ်ဝင်တွေဟာ ဝမ်းနည်းမှုကို ထိန်းချုပ်မရဖြစ်စေပြီး လူစုဝေးတာတွေ ပိုမိုအားကောင်းလာတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မိုးရေးမြို့မှာရှိတဲ့ ဟိုတယ်တွေ ၊ စျေးတွေ ၊ ကျောင်းတွေ ၊ အင်ဖာလ်ဘက် သွားလာတဲ့ ကားတွေနဲ့ ကားဂိတ်တွေ ၊ အိမ်စီးကားတွေ သွားလာလို့မရအောင်
အရေးပေါ်ပိတ်လိုက်ရပြီး မိုးရေးမြို့ပေါ်မှာ အိန္ဒိယအာဏာပိုင်တွေက လုံခြုံရေးကို တိုးမြင့်ချထားရတယ်လို့ သိရပါတယ်။

” မနေ့က နေ့ခင်း အိန္ဒိယ စံတော်ချိန် ၁၂ နာရီ ၊ မြန်မာ နာရီ ၁ နာရီမှာ မိုးရေး ရဲစခန်းရှေ့မှာ ဆန္ဒပြတောင်းဆိုနေတဲ့ လူအုပ်ကြီးက အမှတ် ၂ နယ်စပ်ဂိတ်ဘက်ကို ဦးလှည့်လာပြီးနောက် အဲ့ဒီ ဂိတ်နားက နယ်ခြားစောင့် ရဲကင်းရုံး၂ လုံး မီးလောင်ပျက်စီးခဲ့တယ် ” လို့ မိုးရေးမြို့ခံ မြန်မာတယောက်က ပြောပါတယ်။

တမူးမြို့ ၊ အမှတ် ၉ စော်ဘွားရပ်ကွက် ၊ အခြေခံပညာ အထက်တန်းကျောင်းနားမှာ ဒီလ ၅ ရက်နေ့ ၊ နေ့လယ် ၁ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံရတဲ့ လူ ၂ ယောက်ဟာ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် မိုးရေးမြို့ Gamnom Veng Ward No,2 တွင်နေထိုင်သူ P Mohan (၂၈) နှစ် နဲ့ Phaicham Veng Moreh Ward No, 4 တွင် နေထိုင်သူ M Iyarnar (၃၅) နှစ် တို့ ဖြစ်ပြီး သူတို့ ၂ ဦးစလုံးဟာ တလ်မီး လူများဖြစ်တယ်လို့ အိန္ဒိယ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

” အသတ်ခံရတဲ့ တမီးလူမျိုး ၂ ယောက်က အမှတ် ၄ ရပ်ကွက်မှာနေတဲ့ မိုဟန်ဆိုသူဟာ ကားမောင်း လုပ်ကိုင်သူဖြစ်တယ် ၊ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ကမှ အိမ်ထောင်ကျခဲ့တာဖြစ်တယ် ၊ အမှတ် ၂ ရပ်မှာနေတဲ့ အရာနာ ဆိုသူကတော့ မိုးရေးမှာ ဆိုင်ငယ်လေးဖွင့်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင် တယောက်ဖြစ်တယ် ၊ မိုးရေးမှာ သူတို့ ၂ ဦးစလုံးကို လူသိများပြီး ရင်းနှီးတဲ့ မိတ်ဆွေပေါတယ် ၊ အခုလိုဖြစ်တဲ့အခါ အားလုံးက ဒေါသထွက်နေကြတာ ” လို့ မိုးရေးမြို့ခံ ကိုသိန်းမြင့်က ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူ ၂ ယောက်ဟာ ဒီလ ၅ ရက်၊ နေ့လယ်ပိုင်းက တမူးမြို့က သူတို့ရဲ့ မိတ်ဆွေတဦးဆီကို အလည်သွားရာကနေ တမူးမြို့ အမှတ် ၉ စော်ဘွားရပ်ကွက်မှာ သေနတ်သမားတွေရဲ့ ပစ်သတ်တာကို ခံရတာဖြစ်ပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး
အိန္ဒိယ သတင်းတွေမှာ ဖော်ပြတာက စာသင်ကျောင်းမှာ လုံခြုံရေး ယူထားတဲ့ ပျူစောထီးအဖွဲ့က သူတို့ ၂ ဦးကို စစ်ဆေးဖို့ တားဆီးတဲ့အခါ မရပ်ပဲ ဆက်သွားတဲ့ အတွက်ကြောင့် ပစ်ခတ်လိုက်တာလို့ ဖော်ပြထားပေမယ့် ၊ အဲ့ဒီ အိန္ဒိယနိုင်ငံသား ၂ ယောက်ကို ဘယ်သူတွေက ၊ ဘယ်အဖွဲ့က ၊ ပစ်သတ်တယ်ဆိုတာ VOM ကအတည်ပြုပေးနိုင်တာ မရှိပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်ည ၈ နာရီဝန်းကျင်ကလည်း တမူးမြို့ ၊ စန္ဒကူးရပ်ကွက်က ဂေါ်ရခါး လူမျိုး (နေပါလီ)
ရာအိမ်မှူးဟောင်း ဖြစ်သူ ဦးနာဒါရမ်း ဆိုသူရဲ့ နေအိမ်မှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်း တချို့နဲ့ မြန်မာ အိန္ဒိယ ပိုက်ဆံရောရာ သိန်း ၂ ရာကျော် ပါသွားခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #တမူး #မိုရေး #အိန္ဒိယနိုင်ငံသား၂ယောက်သတ်ခံရ #နယ်စပ်သတင်း

Related posts

Leave a Comment

VOM News

FREE
VIEW