ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ငန်းစဥ်တွေအပေါ် ကန့်ကွက်တာတွေဖြစ်ပေါ်

ဇူလှိုင် ၇ -၂၀၂၂
SP (VOM)

အကြိမ်ရေပေါင်း ၃ ဒါဇင်နီးပါး မီးရှို့ခံခဲ့ရတဲ့ ချင်းပြည်နယ်အလယ်ပိုင်း ထန်တလန်မြို့ရဲ့ ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ငန်းစဥ်တွေအပေါ် ကန့်ကွက်တာတွေဖြစ်ပေါ်နေတယ်လို့ ထန်တလန်ဒေသခံတွေဆီက သိရပါတယ်။

” မြို့ပေါ်လူတွေ အားလုံးနီးပါးက စစ်ရှောင်နေတယ် ၊ မြို့မှာက လူအနည်းငယ်လေးပဲရှိတာ ၊ နောက်ပြီး ထန်တလန်မြို့ပေါ် မှာ လုံခြုံစိတ်ချရတဲ့ အခြေအနေ မရှိသေးတဲ့အတွက် ပြန်လည်ဝင်ရောက် နေထိုင်တာတွေ မပြုလုပ်ဖို့ အမိန့်ထုတ်ပြန်ထားတယ်”လို့ တိုက်ပွဲရှောင်နေတဲ့ ထန်တလန်မြို့ခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့ဟာ ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စတင်လုပ်ကိုင်ဖို့အတွက် ဒေသခံ မြို့မိမြို့ဖတွေ ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး ထန်တလန်မြို့ခံတဦးက ” အကြိမ်ကြိမ် မီးရှို့ခံထားရပြီးပြီ ၊ လက်ရှိမှာလည်း တပ်စွဲထားတာတွေရှိတယ် ၊ ထန်တလန်မှာ တပ်ရှိနေသ၍ တိုက်ပွဲတွေရှိနေဦးမှာကြောင့် ထူထောင်ရေးလုပ်ငန်းစတာ အချိန်စောသေးတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် ထန်တလန်မြို့ခံ အများစုဟာ ပြီးခဲ့တဲနှစ် စက်တင်ဘာလကစလို့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ နာရ်ချိပ်ရွာဟောင်းနဲ့ ရွာသစ်တွေဘက်မှာ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရတယ်လို့ သိရပါတယ်။

အခု ဇူလိုင်လ၂ ရက်နေ့က CDF – Thantlang အဖွဲ့က ထန်တလန်မြို့ကနေ ၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူတွေနဲ့ ပတ်သက်လို့ လိုက်နာဖို့ရာ ကြေညာချက် အမိန့်တွေ ထုတ်ပြန်ခဲ့တာကိုလည်း တွေ့ရပါတယ်။

အဲ့ဒီကြေညာချက်နဲ့ ပတ်သက်လို့ ထန်တလန် ဒေသခံ တိုက်ပွဲရှောင်တဦးက”ထန်တလန်မြို့ပေါ် မှာ အစိုးရတပ်ကတပ်စွဲခြေကုတ်ယူထားတယ် ၊ အဲ့ဒါကြောင့် အချိန်မရွေး တိုက်ပွဲတွေပြန်ဖြစ်နိုင်တယ် ၊ လုံခြုံစိတ်ချရတဲ့ အနေအထားမရှိသေးဘူး ၊ လုံခြုံစိတ်ချရတဲ့ အချိန်ရောက်ရင် သူတို့က အမိန့်ကြေညာတာ ထပ်ထုတ်ပေးမယ် ၊ ဒီကြားထဲ ဘယ်သူမှ ထန်တလန်ကို ပြန်လည်ဝင်ရောက်နေထိုင်တာ မလုပ်ရဘူး “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတိုင်ခင်က ထန်တလန်မြို့ဟာ လူဦးရေ ၁ သောင်းကျော်နေထိုင်ပြီး လူနေအိမ်ခြေ ၂ ထောင်ကျော်ရှိတဲ့အနက်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ကစလို့ အခုနှစ် ဇွန်လအထိ မီးရှို့ခံရတဲ့ဖြစ်စဥ်အကြိမ်ရေ ၃၅ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုဖြစ်စဉ်တွေကြောင့် လူနေအိမ် ၁ ထောင်ကျော်နဲ့ ဘာသာရေးဝတ်ပြုကိုးကွယ်ရာ ဘုရားကျောင်း ၁၂ ကျောင်း မီးလောင်ဆုံးရှုံးရတယ်လို့ ထန်တလန်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ထန်တလန်

Related posts

Leave a Comment

VOM News

FREE
VIEW