တနိုင်ငံလုံးမှာ စစ်ဘေးရှောင်ပြည်သူ ၈ သိန်းနီးပါးနဲ့ ပြည်တွင်း နေရပ်စွန့်ခွာသူ ၂ သိန်းခွဲအထက်ရှိနေ

ဇူလိူင် ၇-၂၀၂၂
VOM (GG)

မြန်မာတနိုင်ငံလုံးမှာ တနှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင်ပြည်သူပေါင်း ၈ သိန်းနီးပါးရှိနေတယ်လို့ UN OCHA Myanmar ရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်​နေ့ ကနေ ဇွန်လ ၂၇ ရက်နေ့အထိ ကုလသမဂ္ဂကိန်းဂဏန်းတွေအရ သိရှိရခြင်းဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေအိမ်တွေကိုစွန့်ခွာပြီး စစ်ဘေးရှောင်နေရသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်းက စုစုပေါင်း ၂ သိန်း ၅သောင်း အထက်မှာ ရှိတယ်လို့ သိရပါတယ်။

” ညောင်လေးပင် ကျောက်ကြီးနဲ့မုန်းဘက်မှာ စစ်ဘေးရှောင်နေရတာ ၄ သောင်းအထက်ရှိနေတယ်။အကူအညီတွေလည်းလိုနေတယ်။ကရင်ပြည်ဘက်ဆိုလည်း စစ်ဘေးရှောင်တွေအများကြီးပဲ။ အများဆုံးကတော့ စစ်ကိုင်းတိုင်းဘက်ကပေါ့ ” လို့ ကျောက်ကြီး စစ်ဘေးရှောင်တွေအတွက် အကူအညီပေးနေသူတဦးကပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာက ပဲခူးတိုင်း၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ၊ကယားပြည်နယ် အပါအဝင် တိုင်းဒေသကြီး နဲ့ပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် စခန်းတိုင်းလိုလိုမှာ ကျန်းမာရေးကိစ္စတွေ၊ မိုးတွင်းဖြစ်လို့ နေထိုင်ရေးအတွက် မိုးကာပစ္စည်းတွေ၊ အစားအသောက်တွေ စတဲ့ အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလက စပြီး ခရစ်ယာန်ဘုရားကျောင်းနဲ့ဘုန်းတော်ကြီးကျောင်းတွေအပါအဝင် အရပ်သားပြည်သူ နေအိမ်ပေါင်း အနည်းဆုံး ၁၉,၃၅၀ လုံး ပျက်စီးခဲ့တယ်လို့
UN OCHA Myanmar ထုတ်​ပြန်မှုအရ သိရပါတယ်။

UN OCHA Myanmar ဟာ ကုလသမဂ္ဂအောက်က အစိတ်အပိုင်းအဖွဲ့အစည်းတခုဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝှမ်းက အရေးပေါ် အခြေအနေတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့အဖွဲ့တွေကို စုစည်းပေးနေတဲ့အဖွဲ့တခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားမှူအခြေအနေနဲ့စစ်ဘေးရှောင်တွေအခြေအနေကို ထုတ်ပြန်နေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြန်မာနိုင်ငံ #တနှစ်ကျော်ကာလ #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW