ပြည်ပကနေ ရွှေတင်သွင်းပြီး သန့်စင်ကာ ပြည်ပကိုပြန်တင်ပို့မယ်

ဇူလိုင် ၉-၂၀၂၂
VOM (GG)

ဗဟိုဘဏ် ကန့်သတ်ချက်နဲ့ ကိုဗစ်ရောဂါကြောင့် ရပ်ခဲ့ရတဲ့ ပြည်ပနိုင်ငံအချို့ကနေ ရွှေကုန်ကြမ်းတွေကို တင်သွင်းပြီး မြန်မာနိုင်ငံမှာ ရွှေသန့်စင်ကာ ပြည်ပကို တင်ပို့ရောင်းချတဲ့စနစ် ပြန်လည်စတင် လုပ်ဆောင်သွားဖို့စီစဥ်နေတယ်လို့ သိရပါတယ်။

ပြည်ပကနေ ရွှေတင်သွင်းပြီး ပြန်လည်တင်ပို့တာဟာ ပြည်တွင်းရွှေဈေးကွက် နဲ့ ကမ္ဘာ့ရွှေဈေးကွက်ကို ချိတ်ဆက်တာဖြစ်ပြီး ပြည်ပကရတဲ့နည်းပညာတွေနဲ့ ရွှေထည်တွေလုပ်တဲ့အခါမှာ စက်နဲ့လုပ်တာဖြစ်လို့ အလျော့တွက် လက်ခ ကုန်ကျမှုမရှိတဲ့အပြင် ၅ နှစ်ကြာတဲ့အထိ အရောင်မှိန်တာမျိုးမရှိဘူးလို့ သိရပါတယ်။

“နိုင်ငံခြားကနေ ကုန်ကြမ်းတင်သွင်းမယ်၊ စက်ပစ္စည်းတွေပါမယ်၊နည်းပညာတွေရောပါမယ်။ နိုင်ငံတကာနည်းနဲ့ကျ ၅ နှစ်ကြာလည်း မှိန်မသွားဘူး။ ပြီးခဲ့တဲ့ တနှစ်ထဲကလုပ်တယ်၊ ဒီမှာစက်ရုံတောင်ဖွင့်ထားပြီးပြီ၊ နောက်တော့ ဗဟိုဘဏ်က TT ခွင့်မပြုဘူး LC ခွင့်ပြုတယ်ဆိုတော့ လုပ်ငန်းရပ်သွားတယ်၊နောက် ကိုဗစ်က ဖြစ်တော့မစနိုင်၊ အခုမှပြန်စမှာပေါ့။စလို့ရပြီဆိုပေမယ့် ဟိုဘက်ကလူတွေက မလာကြသေးဘူး၊ ပြည်တွင်း လေကြောင်းလိုင်းတွေ အကုန်ပြန်မဖွင့်သေးတာရယ်၊ ကမ္ဘာ့ရွှေစျေးမငြိမ်သေးတာလည်းပါတာပေါ့။ ကိုဗစ်နဲ့ပတ်သက်ပြီးလည်းပါတာပေါ့။လူကိုလာရမယ်၊ပစ္စည်းတွေကိုစစ်ရမယ်၊စစ်ပြီးမှ ဖောက်သည်စျေးနဲ့ရောင်းရမှာပေါ့။” လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။

ပြည်ပကို ရွှေနဲ့လက်ဝတ်ရတနာပစ္စည်းအပါအဝင် ရွှေနဲ့ပြုလုပ်တဲ့ပစ္စည်းတွေ တင်ပို့ရာမှာ အမေရိကန်ဒေါ်လာ ၅၀၀၀၀ (ငါးသောင်း)အောက်ဖြစ်ပါက Telegraphic Transfer (TT) စနစ်ဖြင့် လုပ်ဆောင်နိုင်ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀၀၀ အထက်ဖြစ်ပါက Letter of Credit (LC) စနစ်နဲ့ ဆောင်ရွက်ရမယ်လို့ ဗဟိုဘဏ်က ပြန်လည်သတ်မှတ်လိုက်တာကြောင့် ပြည်ပကနေ ရွှေတင်သွင်းပြီး ပြန်ရောင်းချတာကို ပြန်လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဦးမျိုးမြင့်က “ကျနော်တို့က TT နဲ့ခွင့်ပြုရင် ဘာမှကုန်ကျစရိတ်မရှိဘူး။ LCနဲ့ကျတော့ ဘဏ်မှာ charges တွေအများကြီးဖြစ်တယ်။နောက် ဟိုဘက်ကို ဂျပန်ကိုပစ္စည်းရောက်သွားတော့မှ ငွေပို့ပေးတာဖြစ်လို့ ငွေတလလောက်ကြာတဲ့အခါ စျေးနူန်းတွေကပြောင်းလဲသွားတော့ သူရှုံးရင်ရှုံး မရှုံးရင်ကိုယ်ရှုံး ၊ဒါကြောင့်အရင်ကရပ်ထားခဲ့တာ။ တင်ပို့လုပ်မယ် နိုင်ငံ​တွေအနေနဲ့က ကုန်သွယ်အခွန်စာချုပ်ချုပ်ထားတယ်လေ၊ ချုပ်ထားတော့ ဟိုဘက်ကပဲသွင်းသွင်း ဒီဘက်ကပဲတင်သွင်း တင်သွင်းအခွန်မရှိဘူးပေါ့။ “လို့ ထပ်မံရှင်းပြပါတယ်။

ရွှေတင်သွင်းခြင်းကိုတော့ အာဆီယံနိုင်ငံတချို့အပါအဝင် အိန္ဒိယ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေက တင်သွင်းမှာဖြစ်ပြီး ပြည်တွင်းကရွှေထည်ပစ္စည်း၊လက်ဝတ်ရတနာအဆင်တန်ဆာတွေကိုလည်း ပြန်လည်ဝယ်ယူမှာဖြစ်တာကြောင့် စျေးကွက်လည်းရှာစရာမလိုဘူးလို့ ပြောပါတယ်။

လက်ရှိပြည်တွင်းမှာ ရန်ကုန် ရွှေစျေးကွက်ကတော့ ​ရွှေဝယ်ယူသူ နည်းနေပြီး ပြန်လည်ရောင်းချသူတွေသာများနေတယ်လို့ သိရပါတယ်။

မနေ့ ဇူလိူင်လ ၈ ရက်နေ့ ကမ္ဘာရွှေစျေးက 1 Ounce- 1741 USD ဖြစ်ပြီး ပြည်တွင်း ရွှေစျေးက 2,047,000(ကျပ်သိန်း နှစ်ဆယ် လေးသောင်း ခုနှစ်ထောင်)ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်ပကနေရွှေတင်သွင်းပြီး #သန့်စင်ကာပြည်ပကိုပြန်တင်ပို့မယ်

Related posts

Leave a Comment

VOM News

FREE
VIEW