မအူပင်မှာ ရဲဒုတပ်ကြပ်တဦးရဲ့နေအိမ် ဓားပြတိုက်ခံရ

ဇူလိူင် ၈-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊မအူပင်မြို့၊အမှတ်(၇)ရပ်ကွက်၊ ခိုင်နှင်းဆီလမ်းက ရဲဒုတပ်ကြပ်နောင်နောင်ထွန်းဆိုသူရဲ့ နေအိမ်မှာ ဇူလိုင်၆ရက် ညပိုင်းက ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

”ညတိုင်းကင်းလှည့်နေတဲ့ကြားကဖြစ်တာ၊ အမည်မသိ အဖွဲ့တစ်ခုက ဓားပြတိုက်တာ၊ဘယ်သူဘယ်ဝါဆိုတာ မသိလိုက်ဘူး၊ မျက်နှာဖုံးတွေစွပ်ထားတာ၊သေနတ်တွေ ကိုင်ထားတာ၊ငွေသိန်း ၅၀ ကျော်ဖိုး တန်ဖိုးရှိတဲ့ပစ္စည်းတွေပါသွားတာ၊ဓားပြတွေကအတင့်ရဲလွန်းတယ် မျက်နှာဖုံးတွေ စွပ်ထားတော့ခက်တယ်။”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဓားပြတိုက်ခံရတဲ့အချိန်ဟာ မြို့အတွင်းပုံမှန်ကင်းလှည့်နေတဲ့အချိန်ဖြစ်ပြီး ဒေသခံအများစု အပြင်မထွက်ရဲတဲ့အချိန်ဖြစ်တယ်လို့သိရကာ ဓားပြတိုက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်နောင်နောင်ထွန်းနဲ့ အမျိုးသမီးတို့ကတော့ အိမ်မှာမရှိကြဘူးလို့ သိရပါတယ်။

”ညဘက်ကင်းလှည့်နေတဲ့အချိန်ဖြစ်တာ အများစုက မအူပင်မြို့မှာ အဲ့ဒီအချိန်ကြောက်လို့အပြင်မထွက်ဘူး၊ ကိုယ်တွေတောင် မနက်မိုးလင်းတော့ စစ်သားတွေအတော်များများ လာစစ်ဆေးနေတာတွေ့လို့ သိရတာ၊အတွင်းထဲကလူတွေလို့ယူဆတယ်။”လို့
မအူပင်မြို့ခံတဦးကပြောပါတယ်။

အဲ့ဒီဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်
မအူပင်မြို့မှာလုံခြုံရေးတွေထပ်တိုးချထားလိုက်ပြီး
ရဲတွေရဲ့နေအိမ်တွေပတ်ပတ်လည်ကိုလည်း ဝါးချွန်တွေ နဲ့ ခြံစည်းရိုးကာလိုက်တယ်လို့ သိရပါတယ်။

ဓားပြတိုက်ခံရတဲ့ နေအိမ်ပိုင်ရှင် ရဲဒုတပ်ကြပ် နောင်နောင်ထွန်းဟာ မအူပင်ခရိုင်ရဲတပ်ဖွဲ့ရုံးမှာတာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။

အင်္ဂပူမြို့ကွင်းကောက်မြောက်ရပ်ကွက်မှာ ပြီးခဲ့တဲ့ရက်က အမိန့်ရ အပေါင်ဆိုင်တစ်ခုကိုအမျိုးသားတဦးကဝင်ပြီး ရွှေဝယ်မယ်လို့ပြောပြီးအိမ်ထဲရောက်မှဓားပြတိုက်မှုဖြစ်ပွားခဲ့သေးတယ်လို့သိရပါတယ်။

#VOM #voiceofmyanmar #မအူပင် #ရဲဒုတပ်ကြပ်နေအိမ် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW